(ဆ)-ဂွမြို့နယ်၊ ဆပ်သွားချောင်း သဗြာဆိပ်တွင် ဖမ်းဆီးရမိခဲ့သည့် သစ်တင်လှေအား သစ်တောဝန်ထမ်း၊ ရဲဝန်ထမ်းများလက်သို့ အပ်နှံခဲ့ပြီးမှ လွတ်မြောက်သွားခြင်းအား မည်ကဲ့သို့ အရေးယူမည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာအုပ်စု၊ ဆပ်သွားချောင်း သဗြာဆိပ်တွင် တန် ၄၀ ခန့်ဆံ့သည့် တရားမဝင်သစ်တင်လှေတစ်စီး၊ တန် ၂၀ ခန့်ဆံ့သည့် တရားမဝင်သစ်တင်လှေတစ်စီး စုစုပေါင်း နှစ်စီးကို ၁၈-၅-၂၀၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၎င်းဖမ်းဆီးရမိသည့် လှေနှစ်စီး အနက် တန် ၂၀ ခန့်ဆံ့လှေငယ်တစ်စီးကိုသာ ၁၈-၅-၂၀၁၉ ရက်နေ့တွင် ဆပ်သွားချောင်း တံတား အောက်နားသို့ ခေါ်ယူခဲ့ပြီး လှေပေါ်မှသစ်များကို မြေပြင်သို့ချကာ တိုင်းတာစာရင်းယူခဲ့ပါကြောင်း၊ တန် ၄၀ ခန့်ဆံ့သည့် သစ်တင်လှေကြီးသည် ၁၉-၅-၂၀၁၉ ရက်နေ့ ည ၁၁ နာရီခန့်မှ ဆပ်သွားချောင်း တံတားအောက်နားသို့ ရောက်ရှိလာပြီး ကျောက်ချရပ်နားနေခဲ့ပါကြောင်း၊ ၂၀-၅-၂၀၁၉ ရက်နေ့တွင် သစ်များချခဲ့ကြောင်း တိုင်းတာစာရင်းယူခဲ့သည်ကို မတွေ့ရှိဘဲ ၂၁-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းလှေကြီးမရှိတော့သည်ကို သိရှိရပါကြောင်း၊ သစ်တောဝန်ထမ်းများကို သတင်းပေးခေါ်ယူခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံများပူးပေါင်းပါဝင်ဖမ်းဆီးခဲ့သော ၎င်းဖမ်းမိလှေများပေါ်သို့ သစ်တောဝန်ထမ်းငါးဦး၊ ရဲဝန်ထမ်းနှစ်ဦးရောက်ရှိပြီးမှ အိမ်ပြန်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ဖမ်းဆီးရ မိသည့် ၁၈-၅-၂၀၁၉ ရက်နေ့မှ ၂၁-၅-၂၀၁၉ ရက်နေ့အထိ သုံးရက်ကြာရှိနေခဲ့သော်လည်း သစ်များ ကို မြေပြင်သို့ချခဲ့ခြင်းမရှိဘဲ လွတ်မြောက်သွားခြင်းသည့်အပေါ် တာဝန်ရှိဝန်ထမ်းများအား မည်ကဲ့သို့ အရေးယူမည်ဖြစ်ကြောင်းသိလိုခြင်းနှင့် အရေးမယူပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။