(က)-နယ်ခြားစောင့်တပ် (၁၀၀၁)မှ သိမ်းယူထားသော လှေကားထစ် လယ်(၂၄)ဧကအတွက် နစ်နာကြေးငွေ ပေးရန် စီစဉ်ထားမှု ရှိ/မရှိနှင့် သိမ်းဆည်းထားပြီးသော ဧရိယာထဲမှ အသုံးမပြုသည့် မြေများ ပြန်လည် စွန့်လွှတ်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-29

ချီဖွေမြို့နယ်ရှိ ဂန့်ဂွင်းကျေးရွာအုပ်စုရှိ ကွင်းအမှတ်(OSS)အတွင်းတွင် ရှိသည့် အမှတ်(၁၀၀၁) နယ်ခြားစောင့်တပ်မှ သိမ်းယူထားသည့် မြေ ၉၇၀ ဧကသည် ဒေသခံ တောင်သူများ၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာခဲ့သည့် လှေကားထစ် လယ်နှင့် ဥယျာဉ်ခြံမြေများ ဖြစ်ကြောင်း။ ထို ၁၀၀၁ တပ်မှ သိမ်းဆည်းထားသည့် ခြံမြေ ၉၇၀ ဧက အနက်မှ လယ်မြေ ၅၄.၇ ဧကနှင့် နှစ်ရှည်ပင် ၁.၅ ဧက စုစုပေါင်း ၅၆.၂ ဧက တို့မှ တောင်သူ ၂၂ ဦး၏ လယ်မြေ ၃၀.၇ ဧကနှင့် နှစ်ရှည်ပင် ၁.၅ ဧကအတွက် လျော်ကြေးငွေကို ပေးခဲ့ပြီးဖြစ်ကြောင်း။ လျော်ကြေးငွေ ပေးနိုင်ရန် ကျန်ရှိသည့် လယ်ယာမြေများကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီမှ သက်ဆိုင်ရာ အဆင့်ဆင့်သို့ စိစစ်တင်ပြထားခဲ့ပြီး ဖြစ်ကြောင်း။ ထိုဒေသသည် ကျောက်ဆောင်၊ ကျောက်သားမြေ အများအပြား ပါဝင်သည့် မြေအမျိုးအစားဖြစ်၍ စိုက်ပျိုးမြေများ ရှားပါးလျက် ရှိပါသဖြင့် အမှတ်(၁၀၀၁)နယ်ခြားစောင့်တပ်မှ သိမ်းယူကာရံထားသည့် ဧရိယာရှိ အသုံးပြုခြင်း မရှိသည့် လယ်ယာမြေများအား မူလဒေသခံ တောင်သူများထံသို့ ပြန်လည် ပေးအပ်စေလို ကြောင်း၊ ထိုသိမ်းဆည်းမြေ ၉၇၀ ဧကအနက်မှ မိမိတို့ အသုံးမပြုသည့် အချို့သိမ်းဆည်း မြေများအား ပြန်လည် စွန့်လွှတ်ပေးနိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးမည်ဟု ထိုတပ်၏ တာဝန်ရှိသူများမှ နှုတ်ကတိပေးခဲ့ဖူးကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် တပ်ခြံကာရံထား သည့် ပြင်ပတောင်သူများ၏  လယ်မြေများကိုပါ ဆက်လက်သိမ်းယူမည်ဟု မရှင်းမလင်း ပြောနေ မှုများလည်း ရှိနေသေးကြောင်း တောင်သူများ ကြားသိရပါသဖြင့် ဒေသခံပြည်သူများ စိတ်မချမ်း မမြေ့များ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ထိုတပ် ၁၀၀၁ မှ ယခုလက်ရှိ ခြံစည်းရိုး ကာရံထားသည့် သိမ်းဆည်းထားသည့် မြေဧရိယာအကျယ်အဝန်းသာ ဖြစ်စေလိုကြောင်း၊ ခြံစည်းရိုးကာရံထားခြင်း မရှိတော့သည့် အပိုင်းကို ဒေသခံပြည်သူများမှ လွတ်လပ်စွာ လုပ်ကိုင်စိုက်ပျိုး သွားလာနိုင်ရန် ရှင်းရှင်း လင်းလင်း သတ်မှတ်ပေးစေလိုသည့် အတွက် အောက်ပါ မေးခွန်းများကို မေးမြန်းလိုကြောင်း - (၁) နယ်ခြားစောင့်တပ်(၁၀၀၁)မှ တပ်မြေအဖြစ် သိမ်းဆည်းကာရံ ထားသည့် နယ်မြေအတွင်းရှိ လှေကားထစ် လယ်မြေ လျော်ကြေးငွေပေးရန် ကျန်ရှိနေသော တောင်သူ ၂၁ ဦး ၏ လယ်မြေ ၂၄ ဧကအား လျော်ကြေး ငွေပေးရန် သို့မဟုတ် စွန့်လွှတ်ရန် အစီအစဉ် ရှိ/မရှိ၊ (၂) တပ်မြေ သိမ်းဆည်းကာရံထားသော ဧရိယာရှိ အသုံးမပြုတော့သည့် ယာမြေများအား ပြန်လည် စွန့်လွှတ်ရန် အစီအစဉ် ရှိ/မရှိ၊ သိမ်းဆည်းခြံကာရံထားပြီး ဧရိယာ၏ ပြင်ပကျန် တောင်သူများ၏ လယ်ယာမြေများကို ဆက်လက် သိမ်းဆည်းရန် အစီအစဉ်မရှိတော့ကြောင်း ဒေသခံတောင်သူများအား အသိပေး ရှင်းလင်းပေး ပါရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းပါသည်။