(စ)-ဖောင်းပြင်-ပင်လည်ဘူးမော်တော်ကားလမ်း ကို ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးထွန်းဝေ(ဖောင်းပြင်မဲဆန္ဒနယ်)စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အထက်ချင်းတွင်းဒေသရှိ ဖောင်းပြင်မြို့သည် ရေလမ်းကြောင်း တစ်ခုတည်းကို မှီခိုအားထားရသည့် မြို့ဖြစ်ပါကြောင်း၊ ဖောင်းပြင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပေါင်း ၄၂ ခု ရှိပါကြောင်း၊ ချင်းတွင်းမြစ်ကမ်းဘေး တွင် ကျေးရွာအုပ်စု ၁၅စုနှင့် ကုန်းတွင်းပိုင်း ကျေးရွာ အုပ်စု ၂၇ ခု ရှိပါကြောင်း၊ မြို့နယ်ရှိလူများ မိမိတို့မြို့နယ်တွင် လာရောက် တာဝန်ထမ်းဆောင်ကြရသည့် ဝန်ထမ်းများသည် ဒေသအသီးသီးမှလာကြရသည်ဖြစ်သည့်အတွက် အခြားရွေးချယ်စရာ လမ်းကြောင်း မရှိ၍ ရေလမ်းကြောင်းတစ်ခုကိုသာ မိမိတို့အားထားနေရ ပါကြောင်း၊  ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်သတင်းသည် တစ်နိုင်ငံလုံး ပျံ့နှံ့ခဲ့ပါကြောင်း၊ အောင်စိုးမိုးကျော်(၂)ရေယာဉ် နစ်မြုပ် သည့်အချိန်တွင် ခရီးသည်ပေါင်း ၆၀ ယောက်ကျော် ၇၀ လောက် အသက်ဆုံးရှုံးခဲ့ရပါကြောင်း၊ အလားတူ ပြဿနာမျိုးကို အရင်ကလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပါကြောင်း၊အနီးကပ်ဆုံး ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် မြန်မာဇမ္ဗူထွန်းရေယာဉ်နစ်မြုပ်ခဲ့ပါကြောင်း၊ ယခုလို ဖြစ်နေသည့်အတွက် အဓိက အကြောင်းရင်း ကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ရန် ဖောင်းပြင်နှင့် ပင်လည်ဘူး ကားလမ်းကို ဖောက်လုပ်ပေးမည်၊ရာသီမရွေးသွားလို့ ရသည့်လမ်းဖြစ်အောင် ဖောက်လုပ်ပေးမယ်ဆိုပါက မိမိတို့တွင် ရွေးချယ်စရာ လမ်းကြောင်းသည် ရေကြောင်းနှင့် ကုန်းကြောင်း ဟူ၍လမ်း နှစ်ခုရှိသွားပါမည်ဖြစ်ပါကြောင်း၊  ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပတ်သက်သည့်ကိစ္စဖြစ်၍ တင်ပြရခြင်းဖြစ်ပါကြောင်း၊ ဖောင်းပြင်-ပင်လည်ဘူးကားလမ်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးလိုက်မည် ဆိုပါက မိမိတို့ ဖောင်းပြင်မြို့နယ်သာမက ဟုမ္မလင်း-ခန္တီးမှာရှိသည့် ပြည်သူများအတွက်ပါ ရွေးချယ်စရာပိုပြီးရှိ သွားမည်ဖြစ် ပါကြောင်း၊ထို့ကြောင့်မိမိသိလိုသည်မှ ဖောင်းပြင်-ပင်လည်ဘူးကားလမ်းကို ရာသီမရွေးသွား လာနိုင်သည့် ကွန်ကရစ်လမ်းအဆင့် တိုးမြှင့်ပေးရန် အတွက် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်း ဖြစ် အောင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိကို  သိလိုပါကြောင်း မေးမြန်းပါသည်။