(က)-ပညာရေးနှင့် ကျန်းမာရေးတည်ဆောက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် စံချိန်စံညွှန်း ပြည့်မီ အချိန်မီပြီးစီးအသုံးပြုနိုင်ရန် မည်သို့ စီမံဆောင်ရွက်သွားမည်ကို သိလိုခြင် းနှင့်စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း MSDP ပန်းတိုင်၏ မဟာဗျူဟာများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊
သို့သော် တည်ဆောက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စီမံခန့်ခွဲမှုအားနည်းခြင်းများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရာနှင့် စာချုပ်ချုပ်ဆိုရာတွင် နှောင့်နှေး ကြန်ကြာမှုများရှိနေသည့်အတွက် မိုးထဲ၊ လေထဲဆောင်ရွက်ရပြီး စံချိန်စံညွှန်းမပြည့်မီမှုများ အချိန်မီမပြီးစီးနိုင်မှုများ ဖြစ်ပေါ်လာနိုင် ပါကြောင်း၊
ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ထဲက ဧရာဝတီတိုင်းဒေသကြီးကို ဥပမာပေး တင်ပြသွား မည်ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်က ခွင့်ပြုခဲ့သည့် ပုသိမ်ဆေးရုံ ကိုးထပ်အဆောက် အဦနှင့် ဟင်္သာတဆေးရုံလေးထပ် အဆောက်အဦတို့သည် ယနေ့အထိ အခြေအနေမှာ ယခင်အတိုင်း သာရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့သော ညောင်တုန်းသုံးထပ်ဆေးရုံနှင့် အောက်ကဇလွန်လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာအတွက် စံချိန်စံညွှန်း၊ ဒီဇိုင်း၊ စာချုပ်ကိစ္စ များနှင့် ယနေ့အချိန်အထိလည်း ယခင်အတိုင်းသာ ရှိပါကြောင်း၊ မိမိမြို့နယ်ထဲက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စဆောက်ခဲ့သည့် ကျောင်းများသည်လည်း ယခုအချိန်အထိပြီးစီးမှုမရှိသည့် အတွက် ကျောင်းကိုလည်းအသုံးမပြုရသေးသည့်အချိန်မှာပင် နံရံများအက်ကွဲလာနေသည်ကို တွေ့ရှိရပါကြောင်း၊
ပညာရေးနှင့်ပတ်သက်၍ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ်ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းပေါင်း ၆၇၂ ကျောင်းချထားပေးခဲ့ပြီး ယနေ့အချိန်အထိ ၁ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်းသာ ပြီးစီးသည့် ကျောင်းပေါင်း ၄၅၈ ကျောင်းရှိပါကြောင်း၊ ကျန်းမာရေးတွင်လည်း ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီး တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာသည် ယနေ့အထိ ကုမ္ပဏီဘက်မှ ဘာမှဆောင်ရွက်ခြင်း မရှိသေးပါကြောင်း၊ ထိုမြေနေရာရရှိရေးအတွက်ရွာမှ သိန်း ၁၀၀ စုပေါင်းလှူဒါန်းဝယ်ယူထား သည်ဟုလည်း သိရှိရပါကြောင်း၊ ဖော်ပြခဲ့သည့် ကျောင်းများ၊ ဆေးရုံများ၊ ဝန်ထမ်းအိမ်ရာများသာ အချိန်မီပြီးစီးခဲ့ပါက ကျောင်းသားများ၊ လူနာများ၊ ဝန်ထမ်းများအတွက် စိတ်ချမ်းမြေ့နေရမည် ဖြစ်သော်လည်း ယခုအခါ မိုးထဲ၊ ရေထဲမှာ ဆောင်ရွက်နေရပြီး ရှေ့တွင်လည်း နမူနာများ ရှိနေသည့်အတွက် ယခုမေးခွန်းအား မေးမြန်းလိုပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စံချိန်စံညွှန်းပြည့်မီအချိန်မီပြီးစီး အသုံးပြုနိုင်ရန် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိရှိပါကြောင်း မေးမြန်းပါသည်။