(ခ)-ပြည်နယ်၊ ပြည်မပညာရေးကွာဟမှုနည်းပါးစေရန် ဝေးလံခေါင်သီဒေသများမှ ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင်‌့ရာခိုင်နှုန်းအား တိကျစွာသတ်မှတ်ပေးရန် အစီအစဉ်ရှိ /မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

မိမိတို့နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင်ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ဝေးလံခေါင်သီဒေသ၊ ရှားပါးစရိတ်ခံစားခွင်‌့ပြုထားသော မြို့နယ်များနှင့် ပြည်နယ်များက မိဘ ပြည်သူများသည် ပိုမိုဆင်းရဲကြပါကြောင်း၊ ဝေးလံခေါင်သီဒေသနှင့် ပြည်နယ်တွင် နေထိုင်ကြ သူများသည် မိမိ၏သားသမီးများကို သင်ထောက်ကူပြည့်ပြည်‌့စုံစုံနှင့် အရည်အချင်းပြည်‌့ဝသော ဆရာဆရာမများရှိသည့်ကျောင်းများတွင် ကျောင်းထားလိုကြသော်လည်း ငွေကြေးမပြည်‌့စုံသည့် အတွက် မထားနိုင်ကြပါကြောင်း၊ မိမိဒေသရှိ ကျောင်းများတွင်သာ ဖြစ်သလိုကျောင်းထား ကြရပါကြောင်း၊ ကျောင်းသားကျောင်းသူများသည် ရိုးရိုးအောင်ရန် မနည်းကြိုးစားကြရပါကြောင်း၊ စာမေးပွဲအောင်သည့်အခါတွင်လည်း အောင်ရုံအမှတ်သာရရှိကြသည်မှာ များပြားပါကြောင်း၊ အလွန်တော်၍၊ ကြိုးစား၍၊ ဂုဏ်ထူးဖြင့်အောင်ပါက သင်္ချာ၊ ဓာတု၊ ရူပဗေဒ စသည့်ဘာသာရပ် များတွင် ရမှတ်သည် ၈၀ ကျော်ရုံသာ ရရှိကြသည်မှာ များပြားပါကြောင်း၊ မြန်မာ၊ အင်္ဂလိပ်နှင့် ဇီဝဗေဒကဲ့သို့ဘာသာရပ်များတွင်လည်း ဂုဏ်ထူးမှတ်သည် ၇၅ မှတ်ကျော်ရုံသာ ရရှိကြပါကြောင်း၊ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ပါက မိမိတက်ရောက်လိုသောတက္ကသိုလ်များကိုတက်ရောက်ရန် အမှတ်မမီကြပါကြောင်း၊ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ပါက မိမိတက်ရောက်လိုသော တက္က သိုလ်များကို တက်ရောက်ခွင်‌့မရနိုင်သော ပညာရေးမူဝါဒအပေါ် ဝေးလံခေါင်သီဒေသနှင့် ပြည်နယ် များတွင်နေထိုင်ကြသော မိဘပြည်သူများနှင့်ကျောင်းသူကျောင်းသားများသည် စိတ်ကုန်နေကြပြီ ဖြစ်ပါကြောင်း၊

ပြည်နယ်၊ ပြည်မပညာရေးသည် များစွာကွာခြားနေပါကြောင်း၊ ဝေးလံခေါင်သီဒေသနှင့် ပြည်နယ် များတွင် ၂၀၁၇-၁၈ ပညာသင်နှစ်များတွင် အောင်ချက်ရာနှုန်းလုံးဝမရှိသော ကျောင်းပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရှိခဲ့ရပါကြောင်း၊ ၎င်းအချိန်တွင် ပြည်မကကိုယ်ပိုင်အထက်တန်း ကျောင်းတစ် ကျောင်းသည် ဘာသာစုံဂုဏ်ထူး ၁၂၃ ယောက်၊ ငါးဘာသာဂုဏ်ထူး ၁၆၃ ယောက် အောင်မြင်ကြောင်း သတင်းစာ၊ ဂျာနယ်များတွင် ဖတ်လိုက်ရပါကြောင်း၊ ပြည်နယ်၊ ပြည်မ ပညာရေးကွာဟမှုသည် ထိုကဲ့သို့မဖြစ်သင်‌့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဝေးလံခေါင်သီ ဒေသနှင့်ပြည်နယ်များအတွက် ပြည်မကပညာရေးကိုမီအောင် တစ်ခုခုစီမံဆောင်ရွက်ပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် ပညာရေးစနစ်သည် ပြောင်းလဲလာမည့် အတွက် ပြည်နယ်၊ ပြည်မ ပညာရေးသည် ယခုထက်ပိုပြီး ကွာဟမှုမြင်‌့မားလာနိုင်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသားကျောင်းသူများသည် မိမိတက်ရောက်လိုသောတက္ကသိုလ်များကို တိုက်ရိုက်လျှောက်ထားပြီး တက္ကသိုလ်ဝင်ခွင်‌့စာမေးပွဲ များ ဆက်လက်ဖြေဆိုရမည့်အတွက် ပြည်မကအရည်အချင်းပြည့်နေသော ကျောင်းသား ကျောင်းသူများနှင့် ယှဉ်ပြိုင်လာရမည်ဖြစ်ပါကြောင်း၊ ဝင်ခွင်‌့စာမေးပွဲများအတွက် ကျူရှင်များ၊ သင်တန်းများလည်း ပေါ်ပေါက်လာကြဦးမည် ဖြစ်ပါကြောင်း၊ ကျူရှင်၊ သင်တန်းများအတွက် ငွေကြေးမတတ်နိုင်သော ဝေးလံခေါင်သီဒေသက ကျောင်းသားကျောင်းသူများသည် အဆင်‌့မြင်‌့ ပညာရေးနှင့်ပို၍ပို၍ ဝေးလာနိုင်ပါကြောင်း၊ ဝေးလံခေါင်သီဒေသနှင့် ပြည်နယ်များက ကျောင်းသူ ကျောင်းသားများသည် ပြည်မကကျောင်းသူကျောင်းသားများနှင့် ပညာရေးကိုမီအောင်လုပ်လိုပါက သို့မဟုတ် ပြည်နယ်၊ ပြည်မပညာရေးကွာဟမှုနှေးအောင်လုပ်လိုပါက အဆင်‌့မြင်‌့တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းများ၏ တက်ရောက်ခွင်‌့ရာခိုင်နှုန်းကို ဝေးလံခေါင်သီဒေသနှင့် ပြည်နယ် များအတွက် တိတိကျကျသတ်မှတ်ပေးပါမှ ပြည်နယ်၊ ပြည်မပညာရေးသည် ကွာဟမှုနည်းပါး သွားမည်ဖြစ်ပါကြောင်း၊

နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် နိုင်ငံတွင်းနေထိုင် နေကြသော ပြည်သူများ၏ အသိဉာဏ်ဖွံ့ဖြိုးမှုအပေါ်တွင် အဓိကမူတည်နေပါကြောင်း၊ အသိပညာ ဉာဏ်ရှိမှ အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ အမှား၊ အမှန်ကိုမသိပါက လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ အစွန်းရောက်အယူဝါဒများ ပေါ်လာနိုင်ပါကြောင်း၊  အစွန်းရောက်ဝါဒီများ ပေါ်လာပါက နိုင်ငံတော်အနေဖြင့် ရှင်း၍မပြီးနိုင်သော ပြဿနာများနှင့် မလွဲမသွေကြုံလာရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်ပါက အစွန်းရောက်ဝါဒများ မပေါ်ပေါက် လာနိုင်ရန် ဝေးလံခေါင်သီဒေသနှင့် ပြည်နယ်ကကျောင်းသားကျောင်းသူများကို အဆင်‌့မြင်‌့ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းများကို တက်ရောက်ပညာသင်ကြားခွင်‌့ရရန် နိုင်ငံတော် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ထို့ကြောင်‌့ ပြည်နယ်၊ ပြည်မပညာရေး ကွာဟမှု နည်းပါ‌းစေရန် ဝေးလံခေါင်သီသော ပြည်နယ်များက ကျောင်းသူကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင်‌့ရာခိုင်နှုန်းအား တိကျစွာသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါ ကြောင်း မေးမြန်းပါသည်။