(ဆ)-မတူပီမြို့ ခုတင် (၁၀၀) ဆံ ခရိုင်ပြည်သူ့ဆေးရုံ ဖွဲ့စည်းပုံအား မည်သည့် နေ့ရက်တွင် ချပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
၁၉၉၂ ခုနှစ်တွင် ဆောက်သည့် ဆေးရုံအဆောက်အဦ၊ လက်ရှိ ဆောက်သည့် အဆောက် အဦများ၊ ဆေးရုံအတွက် ဆောက်သည့် အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများရှိကြောင်း၊
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မိမိမှ ပြည်ထောင်စု ဝန်ကြီးထံတွင် တိုက်ရိုက် တင်ပြသည့်အချိန်တွင် မိမိတို့ဒေသသည် အင်မတန်မှဝေးလံခက်ခဲသည့်အတွက် လမ်းပန်း ဆက်သွယ်ရေးအရ ၊ လူနာများ၏ ကျန်းမာရေးစောင့်ရှောက်မှုသည် အင်မတန်မှ ခဲယဉ်းသည့် အတွက် မဖြစ်မနေ ခုတင်(၅၀) အဆင့်မှ ခုတင် (၁၀၀) အဆင့် ဆေးရုံ တိုးမြှင့်ပေးပါရန် တောင်းခံမှုအပေါ်တွင် အထက်ပါ အဆောက်အဦများကို ချပေးပြီး ဖြစ်ကြောင်း၊ အထက်ပါ အဆောက်အဦများကို ချပေးသည့်အတွက် ဒေသခံပြည်သူ များက အလွန်ပင် ဝမ်းသာဝမ်းမြောက် ဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင် အဆောက်အဦများသည် ပြီးစီးနေပြီးဟု ပြော၍ရကြောင်း၊ ထို့ကြောင့် မိမိက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ကြောင်း၊ သို့သော် မိမိခရီးလွန်နေခဲ့သည် ဖြစ်သည့်အတွက် စာအားဖြင့်သာ ပြန်လည် ဖြေကြားသည့်အချိန်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ဖြေကြားချက်အရ ခုတင်(၁၀၀) ဖွဲ့စည်းပုံ ပေးမယ်ဆိုသည့် ကတိကဝတ်ကို ရခဲ့ကြောင်း၊ သို့သော် မည်သည့်အချိန် မည်သည့်ရက်တွင် ဖွဲ့စည်းပေးမည်ကို ထပ်မံမေးရခြင်း ဖြစ်ကြောင်း၊ အဆောက်အဦ ရပြီးကြောင်း၊ သို့သော် မိမိတို့ မတူပီမြို့၏ လက်ရှိအနေအထားသည် တာဝန်ခံ ဆရာဝန် တစ်ဦးနှင့် Assistance တစ်ဦး၊ သွားဖက်ဆိုင်ရာ တစ်ဦး သုံးဦးဖြင့်သာ လူနာများကို ကုသသည့်အတွက် လူနာများကို နိုင်နိုင်နင်းနင်း ကုသပေးနိုင်ခြင်း မရှိသည့်အပြင် မိမိတို့တွင် စက်ကိရိယာ အပြည့်အစုံ မရှိသည့် အခက်အခဲ၊ အထူးကု ဆရာဝန်မရှိသည့် အခက်အခဲများကြောင့် မိုင် ၁၀၀ ရှိသည့် မင်းတပ်မြို့ကို သွားပြီး ဆေးကုသရကြောင်း၊ မင်းတပ်မြို့တွင် မတတ်နိုင်ပါက ပခုက္ကူ၊ မန္တလေး၊ ရန်ကုန် စသည်ဖြင့် ဆက်ပြီးကုသရသည့်အတွက် ဒေသခံပြည်သူများအတွက် အင်မတန်မှ ခက်ခဲကြောင်း၊ ချင်းပြည်နယ်သည် အင်မတန် ဆင်းရသည့် ပြည်နယ် ဖြစ်ကြောင်း၊ သို့သော် ကျန်းမာရေးအတွက် မဖြစ်မနေ ကုသရသည့်အချိန်တွင် နှစ်စဉ်နှစ်တိုင်း ပြည်သူများ၏ ဆေးကုသစရိတ် ပြည်မတွင် လာရောက်ပြီး ဆေးကုသသည့် စရိတ်သည် မနည်းကြောင်း၊ ထို့ကြောင့် မကုသနိုင်သည့် လူများသည် ဒီအတိုင်း ဒီဘဝ အဆုံးသတ်ခဲ့ရခြင်းများ အမြောက်အမြား ရှိခဲ့ကြောင်း၊ တချို့သည် ဆေးကုသရန်လာသည့်အချိန် လမ်းတွင်ကံမကောင်းစွာဖြင့် ဆုံးပါးသွားရသည်များ အမြောက် အမြား ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများက အဆောက်အဦ ပြီးပြီဖြစ်သည့်အတွက် မည်သည့်နေ့၊ မည်သည့်ရက်တွင် ဖွဲ့စည်းပုံကို အမြန်ဆုံးချပေးပြီးဖွဲ့စည်းပုံတွင်ပါသည့်ဆရာဝန်များကို ချပေးပြီး ခွင့်ပြုပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။