(ခ)-ရွေးကောက်ပွဲကာလမဟုတ်သည့်အချိန်တွင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း) ဟု ရေးသား ကြေညာခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း ရှိ/မရှိ သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံမြို့ကြီး ဟန်မြစ်မိုရ် ပြည်ထောင်စုလမ်းမကြီး၏ ဘေးမိုင်တိုင်အမှတ်(၁၉) ရှမ်းလေး ထမင်းဆိုင်အနီးတွင် ၇-၇-၂၀၁၉ မှတ်တမ်းဓာတ်ပုံများအရ ဒေါက်တာ သန်းထိုက်ဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဟု ဗီနိုင်း ဆိုင်းဘုတ် ထောင်ပြီး မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ရကြောင်း ကြော်ငြာထားကြောင်း၊ အများပြည်သူများအနေဖြင့် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ထင်ယောင် ထင်မှားဖြစ်ပြီး မိမိထံသို့မေးခွန်းပေါင်းများစွာ မေးမြန်းကြကြောင်း၊ အမှန်တကယ် မသိရှိပါက လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မြေလွတ်၊ မြေရိုင်းများကို လျှောက်ပြီး ရယူထားသည့် ပုံစံဖြစ်နေကြောင်း၊
ရွာငံ၊ ဟန်မြင့်မိုရ်မြို့ကြီး ပြည်ထောင်စုလမ်းမကြီး၏ ဘေးတွင် ထောင်ထားသည့် ဆိုင်းဘုတ်တွင် ဒေါက်တာသန်းထိုက်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဟု ဖော်ပြထားကြောင်း၊ ဆိုင်းဘုတ်ကို မနေ့ကရိုက်ပြီး မိမိထံသို့ ဒေသခံများ ရိုက်ပို့သည့်ပုံရှိကြောင်း၊ မေးခွန်းမေးသည့် အချိန် ယနေ့အချိန်ထိ ဆိုင်းဘုတ် ရှိကြောင်း၊
မိမိတို့ နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲများ လုပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲများ လုပ်ကြောင်း၊ နိုင်ငံရေး ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ် လောင်းများဟု ဝင်ပြိုင်ကြကြောင်း၊ ရွေးကောက်ပွဲများ ပြီးသွားကြောင်း၊ အနိုင်ရသည့် ကိုယ်စားလှယ်၊ ရှုံးနိမ့်သည့်ကိုယ်စားလှယ် ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကာလမဟုတ် သည့်အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုပြီး အများသူငါသွားနေသည့် လမ်းဘေး ဝဲ/ယာကြီးတွင် ကြော်ငြာထားခြင်းသည် အများပြည်သူများအတွက် ရှုပ်ထွေးမှုများ အများကြီး ဖြစ်စေကြောင်း၊ တစ်နိုင်ငံလုံးက ကိုယ်စားလှယ်လောင်းများ ထိုကဲ့သို့ ရေးကြပါက ပိုရှုပ်ကုန်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အများပြည်သူ ထင်ယောင် ထင်မှားဖြစ်မည် စိုးရိမ်သည့် အတွက် သိရှိလိုသည်မှာ နံပါတ်(၁) ရွေးကောက်ပွဲ ကာလမဟုတ်သည့် အချိန်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဟု ရေးသားတင်ပြထားခြင်းသည် ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ၊ နံပါတ်(၂) ဥပဒေနှင့် မညီညွတ်ဘူးဆိုပါက မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်နည်း နံပါတ်(၃) တစ်နိုင်ငံလုံးအတိုင်းအတာတွင် အလားတူ ဖြစ်စဉ်များ မည်မျှရှိသနည်း၊ ထိုကဲ့သို့မဖြစ်စေရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်မည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။