(က)-တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများထွက်ရှိရန် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ်စောင်‌့ရှောက်ရေးဥပဒေသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ပြီးနောက်ပိုင်းတွင် နည်းဥပဒေကို အကြိမ်ကြိမ်ရေးဆွဲ သည့်အခါ တတိယအကြိမ်မြောက်နည်းဥပဒေရေးဆွဲမှုကို မင်္ဂလာသီရိဟိုတယ်တွင် တိုင်းရင်းသား လူမျိုးများဝန်ကြီးဌာနမှ သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်မှ တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်မှ တိုင်းရင်းသားရေးရာနှင်‌့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှ အဖွဲ့ဝင်များအပြင်ကို သက်ဆိုင်ရာပြည်နယ်နှင်‌့တိုင်းဒေသကြီးက သက်ဆိုင်ရာတိုင်းရင်းသားဝန်ကြီးများအပါအဝင် တတိယအကြိမ်တွင် နည်းဥပဒေပေါ်ပေါက် လာရန်အတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့နှင်‌့ ၂၁ ရက်နေ့ နှစ်ရက်တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြပါကြောင်း၊ တစ်နှစ်နီးပါ‌းကြာမြင့်လာပြီဆိုသော်လည်း နည်းဥပဒေက ပေါ် ထွက်လာခြင်းမရှိသေးပါကြောင်း၊ တိုင်းရင်းသားဒေသများသည် ဝေးလံခေါင်ဖျားသော အရပ်ဒေသ တွင်ရှိသကဲ့သို့ သွားရေးလာရေးခက်ခဲသောအရပ်ဒေသ၊ ဖွံ့ဖြိုးမှုနည်းပါးသောအရပ်ဒေသများတွင် အငြင်းပွားဖွယ်ရာပြဿနာများပေါ်ပေါက်လာသည့်အခါ သက်ဆိုင်ရာဒေသ၏ ရိုသေလေးစားရ သော ပုဂ္ဂိုလ်များ၊ သို့မဟုတ် ဘာသာရေးဆိုင်ရာအကြီးအကဲများ၏ အဆုံးအဖြတ်နှင့် ညှိနှိုင်း ဖြေရှင်းခဲ့ရခြင်းများရှိသော်လည်း ဘာသာ၊ လူမျိုးမတူသော တိုင်းရင်းသားအချင်းချင်းဖြစ်သော အငြင်းပွားဖွယ်ရာများကြားပါက ဓလေ့ထုံးတမ်းများက တူညီမှုမရှိသည့်အတွက်ကြောင့် ဖြေရှင်း ရသည်မှာ အနည်းငယ်အခက်အခဲများဖြစ်နိုင်သည့်အတွက် တိုင်းရင်းသားလူမျိုးများအခွင့်အရေး ကာကွယ်စောင်‌့ရှောက်ရေးအနေဖြင့် ဥပဒေနှင်‌့နည်းဥပဒေ ပေါ်ပေါက်ရန်လိုအပ်သည်ကို မျှော်လင့် ယူဆထားပါကြောင်း၊ တိုင်းရင်းသားဒေသတွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ၊ ဓလေ့တုံးတမ်းများကို မြှင်‌့တင်ထိန်းသိမ်းရန်လိုအပ်သလို ဖွံ့ဖြိုးမှုနည်းပါးသော တိုင်းရင်းသားဒေသများတွင်လည်း လူမှုအကျိုးစီးပွားများဖွံ့ဖြိုးတိုးတက်လာရန်အတွက်သော် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာမှု၊ ဆုံးရှုံးမှုရှိပါက ကာကွယ် စောင့်ရှောက်ပေးခြင်းနှင်‌့ အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်း၊ ဖြေရှင်းခြင်းများကို ပြုလုပ်ရန် အတွက်လည်း လိုအပ်သည့်အပြင် သက်ဆိုင်ရာတိုင်းရင်းသားဒေသတွင် စီမံကိန်းများအကောင် အထည်ဖော်ခဲ့မည်ဆိုပါက အကောင်အထည်ဖော်မည့်ဒေသတိုင်းရင်းသားများ၏ သဘောပေါက် နားလည်မည့် ဘာသာစကားနှင်‌့ နည်းလမ်းများကိုလည်း အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင်‌့ တိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေများနှင့် နည်း ဥပဒေများကို မြန်မြန်ပေါ်ပေါက်ရန်လိုအပ်သည့်အတွက်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ ထွက်ရှိရန် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။