(ဂ)-မတ်ပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိစေရန်အတွက် နိုင်ငံတကာတွင် ခိုင်မာသော ဈေးကွက် ရရှိအောင်မည်သို့စီမံဆောင်ရွက်ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

တောင်သူတွေအနေဖြင့် ဆန်စပါး စိုက်ပျိုးရသည်မှာ အကျိုးအမြတ်အလွန်နည်းပါးပြီး ဆောင်းသီး နှံဖြစ်သည့် မတ်ပဲစိုက်မှသာ တောင်သူများသည် လက်စိုရပါကြောင်း၊ မတ်ပဲဈေး မကောင်းလျှင်  တောင်သူတွေအခက်ကြုံရပြီး ထိုသို့ ဈေးကောင်းရရန်အတွက်လည်း ကုန်သည်များနှင့် နိုင်ငံ တကာဈေးကွက်ပေါ် မူတည်‌နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ ဈေးကောင်းရန် ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာတွင် ဈေးကောင်းရရန်အတွက် ပြင်ဆင်မည်ဆိုပါက မတ်ပဲအလုံး အရွယ်အစား အကြီး/အသေး၊ လုံးပိန်/ လုံးညှက်ပါခြင်း/မပါခြင်း၊ အရောက်ပျက် နေခြင်း၊ ဖုန်၊ သဲ၊ ခဲပါခြင်းများအပေါ် မူတည်ပြီး မူတည်ပြီး အဆင့်အတန်းတွေခွဲထားပါကြောင်း၊ Fair Average Quality(FAQ) ၊ First Quality(FQ)၊ Special Quality(SQ) စသည်ဖြင့် အမျိုးအစားပေါ် လိုက်ပြီး ဈေးနှုန်းများ ကွာခြားပါကြောင်း၊

မတ်ပဲဈေးကောင်းရရန် ဝယ်ယူသည့် နိုင်ငံများက မည်သည့်အမျိုးအစားများကို ဝယ်ယူသည်ကို လည်းကောင်း၊ ကမ္ဘာ့ဈေးကွက်၏ကန့်သတ်ချက်များဖြစ်သည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ များ ပါဝင်မှုများကိုလည်းကောင်း  တောင်သူများ သိထားမှသာ ထိန်းထိန်းသိမ်းသိမ်းဖြင့် သုံးစွဲနိုင် မည်ဖြစ်ပါကြောင်း၊ မတ်ပဲများ သိုလှောင်နည်းစနစ်ကို တောင်သူနှင့် ကုန်သည်များပါ သိထားရန် လည်း လိုအပ်ပါကြောင်း၊ တောင်သူတွေအနေဖြင့် စိုက်ပျိုးချိန်တွင် မျိုးကောင်းမျိုးသန့်ရရန် အင်မတန် ခက်ခဲပြီး ဈေးကြီးပေးကာ မျိုးဝယ်ကြရသော်လည်း ထွက်ရှိချိန်တွင် အကြွေးဆပ်ရန် ရရာဈေးဖြင့် အလျင်စလိုရောင်းကြရပါကြောင်း၊

ပဲကုန်သည်ကြီးများအသင်းအနေဖြင့် နိုင်ငံတော်နှင့်ချိတ်ဆက်ပြီးဈေးကွက်တွေရှာသင့်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း စိုက်စရိတ်တွေတိုးမြှင့်ပေးရန် သို့မဟုတ် ပဲကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းပြီး သီးနှံထွက်ရှိလာချိန်တွင် ငွေစိုက်ပြီးဝယ်ယူ ပေးထားရန် မည်သည့်နည်းလမ်းက တောင်သူတွေအတွက် ပိုအကျိုးရှိနိုင်မည်ကို စဉ်းစားရမှာဖြစ်ပါကြောင်း၊ မတ်ပဲဈေးကောင်းလာမှ မတ်ပဲကိုဈေးမြင့်မြင့်နှင့် ရောင်းရမှ တောင်သူများ စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မတ်ပဲစိုက်တောင်သူများ  အကျိုးအမြတ်ရရှိစေရန်အတွက် နိုင်ငံတကာတွင်  ခိုင်မာ သော ဈေးကွက် ရရှိအောင်မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။