(ဂ)-ရာထူးပြောင်းလဲမှုကြောင့် လစာလျော့နည်းသွားသည့် ဆရာဆရာမများ မနစ်နာရေးအတွက် ဆောင်ရွက်ပေးရန်နှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

မူလတန်းကျောင်းအုပ်ကြီးများသည် ပညာရှင်အဆင်‌့-၃ များ ဖြစ်ကြ၍ လစာအားဖြင့် ကျပ် ၂၁၆၀၀၀+၂၀၀၀+၂၂၆၀၀၀ တွင် ဆုံးကြပါကြောင်း၊ မိမိဌာနက မဲဆန္ဒရှင် ဆရာမကြီးနှစ်ဦး၏ တင်ပြချက်အရ ၎င်းဆရာမကြီးများ ကျောင်းအုပ်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည့် ကျောင်းများသည် အလယ်တန်းကျောင်းအဆင်‌့သို့ တိုးမြှင်‌့သွားပါသဖြင့်  မူလတန်းကျောင်းအုပ် ဆရာမများကို အလယ်တန်းဆရာမများအဖြစ် ပြောင်းရွှေ့တာဝန် ပေးအပ်ခဲ့ပါကြောင်း၊ ထိုသို့ ပြောင်းရွှေ့ပေးခဲ့သဖြင့် အလယ်တန်းပြ ဆရာ/မများ၏ လစာမှာ ၁၉၈၀၀၀+၂၀၀၀+၂၀၈၀၀၀ ဖြစ်ပါကြောင်း၊

သို့ပါ၍ နှစ်တိုးမပါ လစာအရင်းမှာ မူလရရှိသော အလစာအရင်းထက် ကျပ် ၁၄၀၀၀ လျော့နည်း နေပါကြောင်း၊ ထိုသို့ လစာလျော့နည်းနေခြင်းက မိမိနားလည်ထားသည်မှာ ပြစ်မှုတစ်ခုခုရှိမှသာလျှင် နိုင်ငံ့ဝန်ထမ်းဥပဒေအရ လျော့ချခွင့်ရှိပါကြောင်း၊ ယခုကိစ္စတွင် ဆရာမနှစ်ဦးသာ ပြစ်မှုကျူးလွန် ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ချခံရခြင်း မဟုတ်ဘဲ ဆရာ/မနှစ်ဦး တာဝန်ထမ်းဆောင်ရာ အခြေခံပညာမူလ တန်းကျောင်းကို အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်သွားသဖြင့် ထိုကျောင်းတွင် ဆရာမနှစ်ဦး၏ ရာထူးပျောက်သွားခြင်းသာ ဖြစ်ပါကြောင်း၊ အဓိကတာဝန်ရှိသူ ပညာရေးမှူးများ အနေဖြင့် လစာနစ်နာမှုမရှိဘဲ စီမံခန့်ခွဲရန် လိုအပ်ခြင်းဖြစ်သည်ဟု မြင်ပါကြောင်း၊ သို့ပါ၍ ရာထူးပြောင်းလဲမှုကြောင့် အပြစ်မရှိဘဲ လစာလျော့နည်းသွားနေမှုအား (က) အဆိုပါ ဆရာမနှစ်ဦးနှင်‌့ (ခ) တစ်ပြည်လုံးရှိ ထိုကဲ့သို့ အဖြစ်မျိုးကြုံတွေ့နေရသည့် ဆရာမများနစ်နာမှု မရှိရလေအောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။