(ခ)-အလုံမြို့နယ်ရှိ မီးရထားလမ်းဟောင်းအား ဆက်လက်အသုံးပြုရန်နှင့် မီးရထားလမ်းဟောင်းမြေအား တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် ယခင်ကကုန်စည်များသယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့ သော မီးရထားလမ်းဟောင်းရှိပါကြောင်း၊ ၎င်းမီးရထားလမ်းသည် အလုံမြို့နယ်ရပ်ကွက်များ အလယ် တည့်တည့်တွင် ဖြတ်ဖောက်ထားသောလမ်းလည်းဖြစ်ပါကြောင်း၊ ယခုအခါ မီးရထားလမ်း အသုံးပြုခြင်းမရှိသည်မှာ ၁၀ နှစ်ကျော်ကြာပြီဖြစ်သည့်အတွက် ၎င်းလမ်းတစ်လျှောက် အိမ်များ၊ ဆိုင်များ၊ ခြုံနွယ်များနှင့်ပိတ်ဆို့ပြီး မီးရထားလမ်းနှင့်ထိစပ်နေသည့် ပြည်သူများမှာလည်း စိုးရိမ်မှု၊ ပူပန်မှုများစွာရှိကြပါကြောင်း၊ ရေရှည်တွင် ဒုစရိုက်သမားများခိုအောင်းရာနေရာလည်း ဖြစ်ပေါ် လာနိုင်ပါကြောင်း၊

မီးရထားလမ်းနှင့် လူနေအိမ်များကြားတွင် အမည်မသိဝင်ပြီးနေထိုင်ကြသောအဆောက်အဦများစွာ ရှိပါကြောင်း၊ လိုင်စင်မဲ့အလုပ်ရုံများ၊ဂိုဒေါင်များနှင့် ကျူးကျော်အိမ်များလည်းရှိပါကြောင်း၊

ယခုလက်ရှိ လူနေအိမ်များနှင့် မီးရထားလမ်း၏ နှစ်ဖက်ကြားတွင် မီးရထားလမ်းမြေဖြစ်သည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကလည်း ရေ၊ မီး၊ မိလ္လာစနစ်ကို ကောင်းကောင်းဝင်ယူမ ဆောင်ရွက်ပါကြောင်း၊ ထိုကဲ့သို့ဖြစ်လာသည့်အခါ ၎င်းတိုက်ခန်းများတွင် ဘေးတစ်ဖက်တစ်ချက်တွင် နေသည့်အိမ်များမှ ပြည်သူများက နွေရာသီတွင်လည်း မီးရေး၊ ထင်းရေးကိစ္စအတွက် များစွာစိုးရိမ် ပူပန်မှုရှိပါကြောင်း၊ အမည်မသိသူများစွာ ဝင်ရောက်နေထိုင်နေသောကြောင့် ၎င်းတို့၏လုံခြုံရေးကို လည်း အများကြီးစိုးရိမ်ပူပန်သည့်အတွက် မီးရထားလမ်းဘေးတစ်ဖက်တစ်ချက်ကို သန့်ရှင်းရေး ပြုလုပ်ပြီး မီးရထားလမ်း၏ ဘေးဘယ်/ညာတွင် နယ်မြေသတ်မှတ်ပြီး ခြံစည်းရိုးခတ်ရန် ပြည်သူအားလုံးက တောင်းဆိုကြပါကြောင်း၊

ရေရှည်တွင် ဒုစရိုက်သမားများခိုအောင်းရာနေရာလည်း  ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ မီးရထားလမ်းကို ဆက်ပြီးအသုံးပြုမည်ဆိုပါက မီးရထားလမ်းဘေး ဘယ်/ညာတစ်လျှောက်တွင် ခြံစည်းရိုးခတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခြံစည်းရိုးခတ်ပြီး၊ ဆက်လက်အသုံးမပြုဘူးဆိုရင်လည်း ၎င်းမြေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို လွှဲအပ်ပြီး‌ စနစ်တကျစီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ၎င်းမီးရထားလမ်း၏ဘေးတစ်ဖက်တစ်ချက်မှာနေထိုင်ကြသော ပြည်သူများ၏ နောက်ဖေး လမ်းကြားအမှိုက်၊ မိလ္လာစနစ်ဆောင်ရွက်ရာတွင် လွတ်လပ်စွာလုပ်ကိုင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ မီးရထားလမ်းဟောင်းအား ဆက်လက် အသုံးပြုရန် အစီအစဉ်ရှိ/မရှိနှင့် မီးရထားလမ်းဟောင်းမြေအား တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်းမေးမြန်းပါသည်။