(စ)-တောင်သူများ၏ ကျွဲ၊ နွားများအတွက် လိုအပ်နေသော နွားစားကျက်မြက်ခင်းများကို ပိုင်ဆိုင်မှု ပုံစံ(၇) ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့်နိုင်ငံ ဖြစ်သည့်အလျောက် စိုက်ပျိုးရေး လုပ်ကိုင်သူ အချို့ တောင်သူများသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းလုပ်ဆောင်နေ ကြပြီဖြစ်သလို အချို့တောင်သူများမှာ စစ်မှုလယ်ယာသို့မကူးပြောင်းနိုင်သေးသည့်အတွက် ကျွဲ၊ နွားများ ဖြင့်သာ ထွန်ယက်နေကြရဆဲ ဖြစ်ပါကြောင်း၊ မင်းတုန်းမြို့၏ ၉၉ ရာခိုင်နှုန်းသောတောင်သူများသည် ကျွဲ၊ နွားများဖြင့်သာ ထွန်ယက်နေကြပါကြောင်း၊ ထို့ကြောင့် ကျွဲ၊ နွားများ၏ အစာအတွက် မြက်ခင်းများ လိုအပ်လျက်ရှိပါကြောင်း၊ မြက်ခင်းများကို မိမိတို့လယ်အနီးတောင်ကုန်းကို မိဘ၊ ဘိုးဘွားလက်ထက်များ တွင် ခြံစည်းရိုးခတ်ပြီး ကျွဲ၊ နွားများ လွှတ်ကျောင်းလေ့ရှိပြီး နွားစာအတွက် သဘာဝပေါက်သည့် မြက်ပင်များကို မွေးမြူထားလေ့ရှိပါကြောင်း၊ များသောအားဖြင့် နွားစာအတွက် မြက်မွေးမြူထားသည့် ခြံထဲ မှာ အရိပ်ရပင်ကြီးများကို စိုက်ပျိုးလေ့ မရှိပါကြောင်း၊ အချို့မြက်ခင်းများသည် ကာကွယ်တော အတွင်း ပါဝင်နေကြသလို အချို့မြက်ခင်းများသည် ကာကွယ်တောအတွင်း မပါဝင်ဘဲ မြေလွတ်မြေရိုင်း စာရင်းတွင် ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိဆွေးနွေးလိုသည်မှာ ကာကွယ်တောအတွင်း ရောက်နေ သည့် မြက်ခင်းများတွင် ကိုးခရိုင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပင်ကြီးများကို စိမ်းစိုဦးစီး ဌာနက ဝင်ရောက်စိုက်ပျိုးကြပါကြောင်း၊ နွားစာမြက်မွေးမြူသည့်အတွက် အရိပ်ရအပင်ဖြစ်သည့် အပင်ကြီးများ ကို တောင်သူလယ်သမားများက မစိုက်ပျိုးလိုကြပါကြောင်း၊ အရိပ်ရအပင်ကြီးထွားလာပါက မြက်ပင် မရှင်သန်ဟု ဆိုပါကြောင်း၊ စိုက်ပျိုးပင်များရှင်သန်ရန်အတွက် ဆေးဖျန်းသည့်အတွက် နွားကျောင်း၍ မရပါကြောင်း၊ နွားစာအခက်အခဲ ရှိလာပါကြောင်း၊ တောင်သူများအတွက် မြက်ခင်းမှ မရှိမဖြစ် လိုအပ်ပါကြောင်း၊ ၎င်းမြက်ခင်းများသည် လယ်ကဲ့သို့ ပိုင်ဆိုင်မှုပုံစံ(၇)လည်းမရသလို အခြား ပိုင်ဆိုင်မှု လည်း မရှိပါကြောင်း၊ မြေလွတ်မြေရိုင်းလျှောက်ခွင့်လည်း မရပါကြောင်း၊ မြေလွတ် မြေရိုင်း လျှောက်မည်ဆိုပါက ရာသီသီးနှံတစ်မျိုးမျိုးစိုက်ပျိုးရမည့်ဖြစ်သည့်အတွက် တောင်သူများက နွားစာ အတွက် မည်သည့်သီးနှံမှမစိုက်ဘဲ သဘာဝမြက်ကိုသာ မွေးမြူချင်ကြသည့်အတွက် စားကျက်သီးသန့် တည်ထောင်လိုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာကွယ်တောအတွင်းကျရောက်နေသည့် မြက်ခင်းများနှင့် ကာကွယ်တောပြင်ပမှ မြက်ခင်းများကို တောင်သူများ၏ ကျွဲ၊ နွားစာအတွက် ပိုင်ဆိုင်မှု ရရန် တစ်နည်းနည်းဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည် ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။