(ဂ)-ကျေးငှက်များ သဘာဝအလျောက်လွတ်လပ်အန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှင် ရပ်တည်နိုင်ရေး၊ ကျးငှက်များကို အဆိပ်ချဖမ်းဆီးမှုများ မပြုလုပ်နိုင်ရေးတို့အတွက် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျေးငှက်များ သဘာဝအလျောက်လွတ်လပ်အန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှင် ရပ်တည်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမွန်စေရေး၊ ကျေးငှက်များကို အဆိပ်ချ ဖမ်းဆီးမှုများ မပြုလုပ်နိုင်ရေး၊ နိုင်ငံအတွင်းရှိ ရေကန်၊ ရေအိုင်၊ အင်းများသို့ အဆိပ်သင့်ရေဆိုးများ မဝင်လာစေရေးတို့အတွက် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံမှာ မိုးရာသီကုန်ပြီး၍ ဆောင်းရာသီဝင်လာသည့်အခါ ဆောင်းခိုငှက်များက အစုလိုက် အပြုံလိုက်ဝင်ရောက်လာတတ်ရာ ဆောင်းခိုငှက်များပျံသန်းသည့် လမ်းကြောင်း ကိုးခုရှိပါကြောင်း၊ မြန်မာနိုင်ငံကို ဗဟိုအာရှပျံသန်းလမ်းကြောင်း Central Asian Flying နှင့် The East Asian Australian Flying ဟူ၍ အရှေ့အာရှ၊ သြစတြီးလျ၊ ပစိဖိတ် တောင်ပိုင်းကျွန်း နိုင်ငံများပါဝင်သော ပျံလမ်းကြောင်းနှစ်ခုမှဝင်လာသည်ဟု သိရှိရပါကြောင်း၊ ရှရှား နိုင်ငံကငှက်များအပါအဝင် ဆောင်းခိုငှက်များသည် နိုဝင်ဘာလမှ မတ်လခန့်အထိနေ ထိုင်စားသောက်ကျက်စားကြပြီး ၎င်း ဆောင်းခိုငှက်များက မြန်မာနိုင်ငံရှိ အင်းလေးကန်၊ အင်းတော်ကြီးကန်၊ မိုးယွန်းကြီးအင်းနှင့် မိန်းမလှကျွန်းစသည့်နေရာများတွင် လည်းကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ပလိပ်အင်း၊ တောင်သမန် အင်း၊ စွန်ရဲအင်း၊ ပျူကန်ဗိဿနိုးအင်း စသည့် အင်းအိုင်ရေကန်များတွင် လည်းကောင်း နေထိုင်ကျက်စားကြသည်ဟု သိရပါကြောင်း၊ မြန်မာနိုင်ငံကိုဝင်လာသော ငှက်အမျိုးပေါင်း ၁၀၀၀ ကျော် ရှိပြီး ငှက်အမျိုးပေါင်း ၅၀၀ ကျော်သည် မြန်မာနိုင်ငံရှိမျိုးစိတ်များ ဖြစ်ပါကြောင်းနှင့် ၎င်းငှက်များသည် မြန်မာနိုင်ငံ၏သဘာဝသယံဇာတများ ဖြစ်ပါကြောင်း၊
ဆောင်းခိုငှက်များနေထိုင်ကျက်စားမှုနှင့် သဘာဝနေထိုင်မှုစရိုက်များသည် သုတေသနပြုမှုများ အတွက် အလွန်တန်ဖိုးရှိသည့်အတွက် နိုင်ငံတကာပညာရှင်များ လာရောက်သုတေသနပြုနေကြ ခြင်းများရှိသကဲ့သို့ သဘာဝပတ်ဝန်းကျင်အလှအပနှင့် ဆောင်းခိုငှက်များ၏လှုပ်ရှား ပျံသန်းနေ မှုများသည် ခရီးသွားများအတွက် စိတ်ကိုကြည်နူးအပန်းဖြေစရာ၊ စိတ်ဝင်စားစရာဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းကိုလည်း များစွာအထောက်အကူဖြစ်စေပါကြောင်း၊ အဆိုပါငှက်များက နွေရာသီ ရောက်လာသည့်အခါ အစာရေဆာပေါများပြီးရာသီဥတုမျှတသော ကမ္ဘာ့မြောက်ခြမ်းကို ပြောင်း ရွှေ့ပျံသန်းကျက်စားကြသည်ဟု သိရပါကြောင်း၊
မြန်မာနိုင်ငံကိုဝင်လာသောဆောင်းခိုငှက်များထဲတွင် ရှားပါးငှက်မျိုးစိတ်များ အများအပြားပါဝင်ရာ ထိုကဲ့သို့ငှက်မျိုးစုံကျင်လည်ကျက်စားစရာနေရာများဖြစ်သော သဘာဝရေကန်များ၊ အင်းများ၊ အိုင် များ၊ ချောင်းမြောင်းများပေါများသော မြန်မာနိုင်ငံကို ဆောင်းခိုငှက်မျိုးစုံ ပွင့်လင်းရာသီ တစ်ခုလုံး နီးပါး အချိန်မှန်ဝင်ရောက်ကျက်စားနေထိုင်မှုသည် နိုင်ငံ၏အဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ် များဖြစ်သည့်အပြင် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်ပေးနိုင်ခြင်းတို့ကြောင့်သဘာဝ တရားများ ကြာရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းကာကွယ်ရေးသည် နိုင်ငံတိုင်းတွင် တာဝန်ရှိပါကြောင်း၊
DVB နှင့် သတင်းမီဒီယာအချို့တွင်တွေ့ရသည့်သတင်းများအရ ဆောင်းခိုငှက်များကို အဆိပ်ချ ဖမ်းဆီးသတ်ဖြတ်မှု၊ ပိုက်ထောင်ဖမ်းဆီးမှုများနှင့် ငါးဖမ်းရာတွင် အဆိပ်ချဖမ်းဆီးမှုများကြောင့် ရေနေသတ္တဝါများသေဆုံးမှုနှင့် အဆိုပါငါးများကို စားမိသောငှက်များပါ သေဆုံးသည်ဟု သိရ ပါကြောင်း၊ ရေနေသတ္တဝါများသေဆုံးမှု၊ ရေများညစ်ညမ်းအဆိပ်သင့်နေမှု များကြောင့် ရေသတ္တဝါ များရှားပါးလာသည်နှင့်အမျှ ဆောင်းခိုငှက်များအတွက် အစာရှားပါး လာသည့်အတွက် ဆောင်းခို ငှက်များဝင်ရောက်မှုနည်းလာနိုင်သည့်အတွက် စနစ်တကျကြိုတင် ကာကွယ်တားဆီးမှုများ လုပ်ဆောင်ရန် လိုအပ်လာပါကြောင်း၊
ထို့ကြောင့် နိုင်ငံ၏သယံဇာတဖြစ်သော ပြည်တွင်းနှင့်ပြည်ပမှဝင်ရောက်လာသည့် ကျေးငှက်များ သဘာဝအလျောက် လွတ်လပ်စွာအန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှည်ရပ်တည် နေထိုင်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမွန်စေရေး၊ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်နိုင်စေရေး၊ ကျေးငှက်များကို အဆိပ်ချဖမ်းဆီးမှုများ၊ ပိုက်ထောင် ဖမ်းဆီးမှု များ၊ လက်နက်ကိရိယာအသုံးပြုခေတ္တဖမ်းဆီးမှုများမပြုလုပ်ရန်နှင့် စက်ရုံ၊ အလုပ်ရုံများနှင့် သတ္တု တူးဖော်ရေးအရ အဆိပ်သင့်ရေဆိုးများမဝင်လာရေး၊ နိုင်ငံအတွင်းရှိရေကန်များ၊ ရေအိုင်များနှင့် အင်းများကို ရေများမှအဆိပ်ဖြစ်စေတတ်သောဓာတ်သဘာဝများ၊ ပျော်ဝင်နေမှု အခြေအနေများကို သုတေသနပြု၊ ဆန်းစစ်မှုများ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိနှင့် လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများ အခြေအနေများအား ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။