(ဃ)-ကန်ပက်လက် မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း ပြည်ပမှ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေ သွားလာရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသား ဥယျာဉ် ခေါနူးစုမ်တောင်တွင် လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေလာနိုင်ရေးအတွက် တောင် ဇလပ်ပန်းများ၊ ချယ်ရီပန်းများနှင့် အခြားပန်းမျိုးစိတ်များ စည်းကမ်းမဲ့ခူးယူ သယ်ဆောင်သွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ပြဿနာများကို ထိထိရောက်ရောက် အရေးယူကာကွယ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့အစီအမံများ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တည်ရှိသည့် ခေါနူးစုမ် (ဝိတိုရိယ) တောင်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၀၂၀၀ တွင် ရှိပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံး မြေသားတောင် တစ်တောင် ဖြစ်ကြောင်း၊ သစ်တော ဖုံးလွှမ်းသည့်တောင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တတိယအမြင့်ဆုံး တောင် ဆာဆီယံ အမွေအနှစ် စာရင်းဝင်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် UNESCO က စောင့်ကြည့် လေ့လာနေသည့် တောင် ဖြစ်ကြောင်း၊ သဘာဝ ရှားပါးမျိုးစိတ်များနှင့်တကွ ကမ္ဘာတွင် မျိုးသုဉ်း ပျောက်ကွယ်သွားပြီဟု ထင်ကြသည့် မျက်ခုံးဖြူ ငှက်ပြာခြောက်ကို တစ်ကမ္ဘာလုံးတွင် ခေါနူးစုမ် အမျိုးသားဥယျာဉ်အတွင်း တစ်နေရာတည်းတွင်သာ နောက်ဆုံး တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ ခေါနူးစုမ် တောင်၏ ထူးခြားချက်သည့် တစ်နှစ်ပတ်လုံး ရာသီမရွေး သဘာဝတောပန်း၊ တောင်ပန်းများနှင့် မပျက် အလှဆင် ဖူးပွင့်လျက်ရှိပြီး တိမ်ပင်လယ်၊ တိမ်တိုက်များ၏ အဘက်ဘက်တွင် ကောင်းကင်ဘုံက မဉ္ဇူသက္က နတ်ပန်းများ ပွင့်လန်းရာ နန္ဒဝင်ဥယျာဉ်ကြီးဟု တင်စားရအောင် လှပလွန်းသည့် ခေါနူးစုမ် တောင်ထိပ်ကြီး ဖြစ်ကြောင်း၊
နှစ်စဉ် ပွင့်လင်းရာသီရောက်သည့်အချိန်တွင် သဘာဝရှုခင်းများ၊ သဘာဝအလှတရားများကို ကြည်နူး ခံစားရန်၊ အပန်းဖြေရန် ပြည်တွင်း ခရီးသွား၊ ပြည်ပခရီးသွားများ အများအပြားလာရောက်လည်ပတ်လေ့ ရှိကြောင်း၊ မိမိတို့ ချင်းတိုင်းရင်းသားများသည် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ပါဝင်စားစွာ လာရောက် လည်ပတ်ကြသည်ကို ဝမ်းသာကြိုဆိုရမည် ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပခရီးသွားများ နှစ်စဉ် လာရောက်ခြင်းအတွက် လူဦးရေများ လာသည်နှင့်အမျှ တာဝန်မဲ့၊ စည်းကမ်းမဲ့ ခရီးသွားများ၏ အမှိုက် စွန့်ပစ်မှုများ၊ ရှားပါး တောင်ဇလပ်ပန်းနှင့် ချယ်ရီပန်းများ၊ သစ်ခွပန်းများကို ခူးယူသယ်ဆောင် သွားကြခြင်း ကြောင့် ခေါနူးစုမ်တောင်ထိပ်၏ အလှတရားကို ခြိမ်းခြောက်ခံနေရကြောင်း၊ စည်းကမ်းမဲ့ တောင်ထိပ်အထိ မော်တော်ယာဉ်များနှင့် တက်ရောက်မှုကြောင့် ဖုန်ထခြင်းများ၊ ယာဉ်မတော်တဆဖြစ်ခြင်းများ ကြုံကြိုက် နေရပြီး ပြည်ပခရီးသွားများ၊ လာရောက်လည်ပတ်သူများအတွက် စိတ်အနှောင့်အယှက်များစွာ ဖြစ်ပေါ်နေ ရကြောင်း၊ အမြင့်ပေ ၁၀၀၀၀ အထက်တွင် ပေါက်ရောက်သည့် တောင်ဇလပ်ပန်းနှင့် အခြားအပင်မျိုးစိတ် များသည် တစ်ကြိမ် ချိုးယူဖျက်စီးပါက ပြန်ပြီးစည်ပင်ဖွင့်ထွားရန် ၁၀ စုနှစ်အထိ ပြန်လည်ဝေဆာလာရန် မသေချာကြောင်း၊ ပြည်တွင်း/ပြည်ပခရီးသွားများ တစ်နှစ်ပြီး တစ်နှစ် တိုးလာသည်နှင့်အမျှ ကောင်းမွန် သည့် အမှိုက်စွန့်ပစ်မှုစနစ်များ သဘာ၀ ပန်းမန်မျိုးစိတ်များကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျအချိန်မီ စီမံဆောင်ရွက်ရန် လိုအပ်နေကြောင်း၊
ထိုကဲ့သို့ မလိုလားအပ်သည့် ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် TV Channel များ ခရီးသွား များ သွားလိုက်နာရမည့် စည်းကမ်း၊ သတ်မှတ်ချက်များကို ပညာပေးအစီအစဉ်များ ခရီးသွား ရာသီကာလ အတွင်း အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးရန်လိုအပ်မည် ဖြစ်ကြောင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများ တာဝန်ခံ၊ တာဝန်ယူမှု မရှိသည့် ခရီးသွားများ၊ သဘာဝပတ်ဝန်းကျင်နှင့် အပင်မျိုးစိတ်များ၊ စည်းကမ်းမဲ့ သယ်ဆောင်သွားမှုများကို တွေ့ရှိရင် ဒဏ်ကြေးပေးဆောင်စေခြင်းမျိုး၊ သစ်တောဥပဒေအရ အရေးယူခြင်း မျိုး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ခရီးသွား ရာသီကာလအတွင်း ခေါနူးစုမ် အမျိုးသား ဥယျာဉ် ဝန်ထမ်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းပြီး စောင့်ကြည့်ရေး လုပ်ငန်းများကို လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပခရီးသွားများ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ အဆင်ပြေပြေ အပန်းဖြေ ခရီးသွားနိုင်ရန် တောင်ပတ်ဝန်းကျင် သင့်တော်သည့် နေရာများတွင် သန့်ရှင်းသပ်ရပ်သည့် သန့်စင်ခန်းနှင့် ရေမိလ္လာဝန်ဆောင်မှုများ စနစ်တကျ တည်ဆောက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း/ပြည်ပမှ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေသွားလာရေးအတွက် မည်သို့စီမံဆောင်ရွက် ထားသည်ကို သိလိုရှိလိုပါကြောင်း မေးခွန်းမေးမြန်းပါသည်။