(ဆ)-သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်လက်ရှိအသုံးပြုရန် မလိုအပ်တော့သော၊ ရှေ့ဆက်အသုံးပြုရန်အစီအစဉ်မရှိသောအရှုံးပြနေပြီးဝန်ထုပ်ဝန်ပိုး ဖြစ်နေသောစီမံကိန်းလုပ်ငန်းများတွင်အသုံးပြုနေသော မြေများနှင့်စပ်လျဉ်းသည့် မေးခွန်း
သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လက်ရှိ အသုံးမပြုသော၊ အသုံးပြုရန် မလိုအပ်တော့သော၊ ရှေ့ဆက် အသုံးပြုရန် အစီအစဉ် မရှိသော မြေနှင့် အဆောက်အဦများ၊ နိုင်ငံတော်အတွက် အရှုံးပြနေပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေသော စီမံကိန်း လုပ်ငန်းများတွင် အသုံးပြုနေသော မြေများကို နိုင်ငံတော်ဖွံံဖြိုးရေး အတွက် အသုံးပြုရန် လိုအပ်နေသော ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးနိုင်ရေး (မူဝါဒ) လုပ်ငန်းစဉ်တစ်ခု ချမှတ်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် တိုင်းဒေသကြီး/ပြည်နယ် အားလုံး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ လုပ်ဆောင်လျက်ရှိရာ တချို့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အဆင်ပြေသော်လည်း တချို့တွင် မြေနေရာ အခက်အခဲကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများ လျာထားပေးနိုင်ရေး အခက်အခဲ ဖြစ်နေသည်ကို လွှတ်တော်တွင်း မေးခွန်းများ ဖြေကြာချက်အရ ကြားသိနေရကြောင်း၊ နိုင်ငံတော်၏ အမျိုးသားမြေ အသုံးချမှု မူဝါဒတွင်လည်း လက်ရှိ ကျင့်သုံးလျက်ရှိသည့် မြေအရင်းအမြစ် ဥပဒေများနှင့် စီမံခန့်ခွဲမှုအချို့သည် သက်တမ်းအားဖြင့် နှစ် ၁၀၀ ကျော် ရှိခဲ့ပြီး ယနေ့ခေတ် အခြေအနေနှင့် ကိုက်ညီဆီလျော်မှု၊ လူထုအကျိုးစီးပွား ပံ့ပိုးနိုင်မှု၊ တရားမျှတမှု ရှုထောင့်များမှ အလေးထား ဆန်းစစ်ရန် လိုအပ်ကြောင်း၊
လက်ရှိ မိမိမဲဆန္ဒနယ်တွင် အသုံးမပြုသည့် မြေလွတ်၊ မြေရိုင်းကဲ့သို့ ဖြစ်နေသည့် ဌာနပိုင်မြေများ၊ ရုပ်သံလွှင့် အဆောက်အဦများနှင့် မြေများ၊ သက်ဆိုင်ရာ ဌာနအလိုက် နိုင်ငံတော်အတွက် အရှုံးပေါ်နေပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် ရာဘာခြံများ၊ ဆီအုန်းခြံများ ရှိနေပြီး တစ်ဖက်တွင် ဖွံ့ဖြိုးရေးအခြေခံ ပြည်သူ့ လိုအပ်ချက်များ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ အားကစားကွင်း၊ လမ်း၊ ခန်းမ၊ ဈေး၊ တချို့ဌာန ဆိုင်ရာများအတွက် မြေနေရာများ လိုအပ်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ဒေသအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူတို့၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို လွှတ်တော်တွင်း မေးခွန်းမေးမြန်းပြီး တောင်းဆိုရာတွင် သက်ဆိုင်ရာ ဝန်ကြီးမှ မြေနေရာ ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်ကြီးများမှ ညှိနှိုင်းဆောင်ရွက်ပေးရန် ပြန်လည်ဖြေကြားသည်ကို တွေ့ရကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီး၏ ဖြေကြား ချက်ကို သုံးသပ်ကြည့်လျှင် ပြည်သူတို့အတွက် အမှန်တကယ် အကျိုးရှိသည့် လိုအပ်နေသည့် စီမံကိန်း များကို အကောင်အထည်ဖော် ချင်သော်လည်း မြေနေရာ လိုအပ်ချက်ကြောင့် အခက်အခဲ ဖြစ်နေသည်ကို ထင်ရှားစေသည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် မြေယာအသုံးပြုရန် လိုအပ်နေသည့် ဝန်ကြီးဌာန များသို့ လွှဲပြောင်းပေးနိုင်ရေး မူဝါဒ လုပ်ငန်းစဉ်တစ်ခု ချမှတ်ရန် လိုအပ်လျက်ရှိသည်ကို ပေါ်လွင်ထင်ရှား စေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လက်ရှိ အသုံးမပြုသည့်၊ အသုံးပြုရန် မလို အပ်သည့်၊ ရှေ့ဆက် အသုံးပြုရန် အစီအစဉ်မရှိသည့် မြေနှင့် အဆောက်အဦများ၊ နိုင်ငံတော်အတွက် အရှုံးပြနေပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုနေသည့် မြေများကို နိုင်ငံတော် ဖွံံဖြိုးရေးအတွက် အသုံးပြုရန် လိုအပ်နေသည့် ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးနိုင်ရေး မူဝါဒလုပ်ငန်းစဉ် တစ်ခု ချမှတ်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။