(က)-ပုဏ္ဏားကျွန်းမြို့နယ်၊ ခမီကြိမ်ချောင်းတာတမံမှ ပုဏ္ဏားကျွန်းစက်မှုဇုန်သို့ ရေပိုက်များသွယ်တန်း ပေးရန် အစီအစဉ်ရှိ/မရှိိနှင့်စပ်လျဉ်းသည့်မေးခွန်း
ခမီကြိမ်ချောင်းရေလှောင်တမံသည် ပုဏ္ဏားကျွန်းမြို့မှမြောက်ဘက်သို့ ကားလမ်း ၁၁ မိုင်၊ ရေလမ်း ၁၃ မိုင်ခွဲရှိသော ခမီကြိမ်ချောင်းကျေးရွာအနီးတွင် တည်ရှိပါကြောင်း၊ အဆိုပါ ရေလှောင် တမံကို ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှစတင်၍ ပုဏ္ဏားကျွန်းစက်မှုဇုန်နှင့် ပုဏ္ဏားကျွန်းမြို့ အတွက် သောက်သုံးရေရရှိရန် ရန်ပုံငွေ ကျပ် ၃၇၁၆ သန်း နှင့်ဆယ်ဖို့ခဲ့ရာ ၂၀၁၅ ခုနှစ်တွင်ဆယ်ဖို့ ပြီးစီးခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ရေပိုလွှဲများ၊ ရေထုတ်ပြွန်များ အားလုံးပြီးစီးခဲ့ပါကြောင်း၊
ခမီကြိမ်ချောင်း ရေလှောင်တမံ၏ ရေဆင်းဧရိယာက ၅.၂၆ စတုရန်းမိုင်ရှိပါကြောင်း၊ တမံ အလျားက ၆၆၀ ပေ၊ တမံအမြင့်က ၉၀ ပေရှိပြီး ကန်ရေပြည့်လှောင်ပမာဏ ဂါလန်သန်းပေါင်း ၂၉၂၉ သန်းဖြစ်ပါကြောင်း၊ ၎င်းရေလှောင်တမံသည် ယခင်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး များအဖွဲ့ခရီးစဉ် ပုဏ္ဏားကျွန်းမြို့ ပင်မလျှပ်စစ်ဓာတ်အားခွဲရုံခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဆည်မြောင်းတာဝန်ရှိသူများအား ရေလှောင်တမံအတွက် ငွေချပေးထားပြီး ဖြစ်ကြောင်း ဆယ်ဖို့ခြင်းနှင့်ရေပိုက်သွယ်ခြင်းကို တစ်ပြိုင်တည်းတင်ဒါခေါ်ပြီး ဘတ်ဂျက်အမီ ပြီးစီးအောင် လုပ်ခိုင်းခဲ့ပါကြောင်း၊ မိမိကိုယ်တိုင် မြို့မိမြို့ဖအနေဖြင့် အစည်းအဝေးတက်ရောက် ခဲ့သော်လည်း ယခုထိရေပိုက်သွယ်တန်းပေးခြင်း လုံးဝမရှိသေးပါကြောင်း၊ အဘယ့်ကြောင့် ဆိုသည်ကို မသိပါကြောင်း၊
ရေလှောင်တမံကို ပြည်သူ့ဘဏ္ဍာငွေများစွာ ကုန်ကျခံပြီး တည်ဆောက်ပြီးစီးခဲ့သော်လည်း ရေပိုက်သွယ်တန်းခြင်းမရှိ၍ အသုံးမပြုရဘဲ ပိုက်သွယ်ထားသည်မှာ မသင့်တော်ကြောင်း ပြည်သူ များက တာဝန်ရှိသူများကို အပြစ်တင်ဝေဖန်ထောက်ပြကြပါကြောင်း၊ ရေပိုက်သွယ်တန်းခြင်း ပြီးစီးပါက အနီးအနားမှ ခမီတိုင်းရင်းသားကျေးရွာသုံးရွာနှင့် ပုဏ္ဏားကျွန်းမြို့ ပတ်ဝန်းကျင် ကျေးရွာများအားလုံးအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေလုံလောက်စွာ အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ စစ်တွေမြို့တွင်လည်း ကန်တော်ကြီးရေလှောင်ကန် စက်ရိုးကျအမှတ်(၁)၊ အမှတ် (၂) ရေလှောင်ကန်သုံးကန်တို့မှ သောက်သုံးရေနှင့်မလုံလောက်ဘဲ နောက်ထပ်ရေဂါလန် သန်း ပေါင်း ၆၀၀ ခန့်လိုအပ်နေကြောင်း သိရှိရပါကြောင်း၊ ခမီကြိမ်ချောင်းဆည်မှ ပုဏ္ဏားကျွန်း စက်မှုဇုန်နေရာသို့ ရေပိုက်ရောက်ရှိလာမည်ဆိုပါက ထိုမှတစ်ဆင့် စစ်တွေမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများအားလုံး သောက်သုံးရေ၊ စိုက်ပျိုးရေဖြန့်ဝေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခမီကြိမ်ခေျာင်းရေလှောင်တမံမှ ပုဏ္ဏားကျွန်းစက်မှုဇုန်နေရာသို့ ရေပိုက်များသွယ်တန်းပေးသင့် ပါကြောင်း၊ ခမီကြိမ်ချောင်းရေလှောင်တမံမှ ပုဏ္ဏားကျွန်းစက်မှုဇုန်နေရာသို့ ရေပိုက်များ သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်မှ ခွင့်ပြုဆောင်ရွက်ပေးပါမည်နည်း၊ မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။