(ခ)-ပေါက်တောမြို့လူထု၏ သောက်သုံးရေ သိုလှောင်ရာ နတ်တောင်ပြင်ဆည်ကို ၎င်းနှင့်ဆက်စပ် တည်ရှိသော ဆည်ငယ်များနှင့် ပေါင်းကာ ရေပိုမိုသိုလှောင်နိုင်ရန်အတွက် ကျန်တာပေါင်တစ်ဖက်ကို မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

ပေါက်တော လူထု၏ သောက်သုံးရေ သိုလှောင်သည့် နတ်တောင်ပြင်ဆည်ကို ၎င်းနှင့် ဆက်စပ် တည်ရှိသည့် ဆည်ငယ်များနှင့်ပေါင်းပြီး ရေပိုမိုသိုလှောင်နိုင်ရန်အတွက် ကျန်တာပေါင် တစ်ဖက်ကို မြှင့်တင်ပေးရန်  အစီအစဉ် ရှိ/မရှိ မေးမြန်းခြင်းဖြစ်‌‌ကြောင်း ရည်ရွယ်ချက်သည့်  နတ်တောင်ပြင်ဆည်၏ တစ်ဖက်တာပေါင်ကို စံချိန်မီမြှင့်တင်ပေးပြီး ဖြစ်သော်လည်း ကျန်တစ်ဖက်ကို မြှင့်တင်ပေးခြင်း မရှိသေးသည့်အတွက် ကျန်တစ်ဖက်တာကို မြှင့်တင်ပေးပါက  ရေပိုမိုသိုလှောင်နိုင်မည် ဖြစ်သည့်အတွက်  မိမိ တင်ပြရခြင်းဖြစ်‌ကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ် အစိုးရခွင့်ပြု ရန်ပုံငွေ ၃၆၁ သန်းနှင့်  နှစ်နှစ်ဆက်တိုက် ပေးပြီးဖြစ်သည့်အတွက် ပထမတာပေါင် ပြီးပြီဖြစ်‌ကြောင်း၊ ကျန်သည့် တာပေါင်တစ်ဖက်ကို ပြည်ထောင်စုဝန်ကြီးဌာန၊ ဆည်မြောင်းဝန်ကြီးဌာနမှ ကျခံပေးနိုင်ရန်  တင်ပြလိုခြင်း ဖြစ်‌ကြောင်း၊ ပေါက်တောမြို့၊ သောက်သုံးရေ သိုလှောင်နိုင်မှု အခြေအနေကို ဆက်လက်တင်ပြလိုပါ‌ကြောင်း၊ ပေါက်တောမြို့ အပါအဝင် မြို့နယ်တစ်ခုလုံးသည် ဆားငန်ရေ ပတ်လည်ဝိုင်းလျက်ရှိသည့် ခင်တန်းမြစ်ဝှမ်းဒေသ ဖြစ်ကြောင်း၊ မြို့နယ်တစ်နယ်လုံးသည် အဝီစိတွင်း တူးမရကြောင်း၊ ရေချိုမရနိုင်ပါကြောင်း၊ ရေငန်ရေသာ ထွက်ကြောင်း၊ ထို့ကြောင့် မြေသား‌ရေကန်များ တူးဖော်ပြီး တစ်နှစ်ပတ်လုံး ရွာသွန်း သည့် မိုးရေကိုခံယူ၍ သောက်သုံးရေ သိုလှောင်ကြရကြောင်း၊ ရခိုင်ပြည်နယ်တွင် တစ်နှစ်ပတ်လုံး မိုးရေချိန် လက်မ ၂၀၀ ကျော်ရွာသွန်းသော်လည်း လက်ရှိမြေသား ရေကန်များဖြင့် ရေလိုအပ်ချက်ကို လုံလောက်စွာ မသိုလှောင်နိုင်ကြောင်း၊ နှစ်စဉ်နွေရာသီ ရောက်တိုင်း သောက်သုံးရေ ရရှိရန် မြို့လူထုတစ်ရပ်လုံး အချိန်ကုန်၊ လူကုန်၊ လူပမ်းခံပြီး ရေကို သယ်ယူစုဆောင်း ကြရကြောင်း၊ ကံကောင်းထောက်မပြီး မြို့နှင့် တစ်မိုင်ခွဲအကွာ သဘာဝအတိုင်း တည်ရှိနေသည့် နတ်တောင်ပြင်ဆည်ကို ပိတ်၍ ၁၉၈၇ ခုနှစ်တွင် လူထုလုပ်အားဖြင့် ဆည်ဖို့ခဲ့ကြကြောင်း၊ မြေတူးစက်ယန္တရားများဖြင့် ဆည်ဖို့ခြင်း မဟုတ်သည့်အတွက် Compact မဖြစ်ကြောင်း၊ ရေယိုစိမ့်ထွက်ကြောင်း၊ ထူးကျပါကြောင်း၊ ၎င်းထူးသည် တဖြည်းဖြည်းနှင့် ကြီးလာသည့်အတွက် တစ်နှစ်ပတ်လုံး သိုလှောင်ထားသည့် ရေအားလုံး၏ တစ်ဝက်ခန့်ကို ကုန်ဆုံးစေကြောင်း၊ ထိုပြင် မြို့ပေါ်ရေ လိုအပ်ချက် အခြေအနေကို ဖော်ပြရမည်ဆိုပါက မြို့ပေါ်(၅)ရပ်ကွက်တွင် လူဦးရေ ၁၉၀၀၀ ကျော် ရှိကြောင်း၊ တစ်နေ့ လူတစ်ဦး ဂါလန် ၂၀ နှုန်းဖြင့် ၁၃၈.၇ ဂါလန်သန်း လိုအပ်ကြောင်း၊ လက်ရှိ နတ်တောင်ပြင်ဆည်၏ Capacity ကို တွက်ကြည့်သည့်အချိန်တွင် ၅၃.၆ ဂါလန်သန်း သိုလှောင်နိုင်စွမ်း ရှိကြောင်း၊ မြို့လူထုအတွက် သောက်သုံးရေ ထပ်မံလိုအပ်ချက်သည် ၈၄.၈၇ သန်း ဖြစ်ကြောင်း၊ ဆည်ငယ်ပုံသည် မိမိအစီရင်ခံခဲ့သည့်အတိုင်း နှစ်နှစ်ဆက်တိုက် ဆည်ထားသည့် Sub တာပေါင် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တာပေါင်ပြီးပြီ ဖြစ်ကြောင်း။ သို့သော် ၎င်းတာပေါင်တစ်ခုတည်းက ရေကိုမလောက်နိုင်သည့်အတွက် ဘေးနားတွင် ဆက်စပ်ရှိနေသည့် ပိန္နဲတောဆည်နှင့် သန်းတင်ဆည်ကို မိမိတို့ တာပေါင်နိမ့်နိမ့်လေးများဖြင့် ဆက်သွယ်ထားရကြောင်း၊ ၎င်းကို မြှင့်စေရန်ဆိုသည့်ရည်ရွယ်ချက်ဖြင့် မိမိတင်ပြခြင်း ဖြစ်ကြောင်း၊ ရေရနိုင်သည့် အရင်းအမြစ်သည် အစီရင်ခံစာတင်ပြသည့်အတိုင်း ပိန္နဲတော ဆည်နှင့် သန်းတင်ဆည်ဆိုပြီး နှစ်ခု ရှိကြောင်း၊ ၎င်းဆည်ငယ်များကို ပြန်ပိတ်လိုက်ပါက ရေ ၇၃.၃၈ သန်းဂါလန် ထွက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နတ်တောင်ပြင်ဆည်နှင့် ပေါင်းလိုက်ပါက ရေ ၁၂၇.၂၄ ဂါလန်သန်း ရသည့်အတွက် ရေလိုအပ်ချက်အရ ၉၁ ရာခိုင်နှုန်းသာ ရကြောင်း၊ သို့သော် မြို့ပေါ်တွင် ရှိသည့် မြေသားရေကန်များက ရရှိမည့် ရေနှင့် ပေါင်းလိုက်ပါက တစ်နှစ်ပတ်လည် လိုအပ်ချက်ကို ပြည့်မီမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ လက်ရှိ နတ်တောင်ပြင်ဆည်နှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် ပိန္နဲတောဆည်နှင့် သန်းတင်ဆည်တို့ကို ပေါင်းပြီး ရေသိုလှောင်နိုင်ရန်အတွက် အခြားတာပေါင်တစ်ဖက်ကို မြှင့်တင်ဆည်ဖို့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ ရန်ပုံငွေ ခွင့်ပြုနိုင်ခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်၊၊