(ဃ)-ပခုက္ကူမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားမည့် ကျောင်းသားကျောင်းသူများအတွက် လိုအပ်နေသော ကျောင်းအိပ်ဆောင်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံအနှံ့အပြားတွင် အခြေခံကျသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူတက်မြောက်စေရန် အစိုးရနည်းပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်ပေး လျက်ရှိပါကြောင်း၊ မိဘပြည်သူများကလည်း နည်းပညာ အထက်တန်းကျောင်း များ၏ အရေးပါမှု၊ အခြေခံကျမှုများကိုသိရှိပြီး သင်တန်းတက်ရောက်ရန် အားပေးခဲ့ရာ ပခုက္ကူအစိုးရ နည်းပညာအထက်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် လျောက်ထားသူ ၁၉၅ ဦးရှိသော်လည်း လျောက်လွှာပြန်အပ်သူ ၁၇၄ ဦးအထိ ရှိပါကြောင်း၊ ယင်းသို့ဖြစ် ရခြင်းမှာ ကျောင်းသားကျောင်းသူများ၏ အိပ်ဆောင်စီစဉ်မပေးနိုင် ခြင်း၊ ကျောင်းအနီး အနားတွင် ဖွင့်လှစ်သည့် အဆောင်များသည် သင့်လျော်သည့် ပတ်ဝန်းကျင် မဖြစ်ခြင်း၊ သုံးရေအခက်အခဲနှင့် လုံခြုံမှုအားနည်းမှုကြောင့် ဖြစ်ကြသည်ကို တွေ့ရှိရပါကြောင်း၊
အဓိကအချက်အနေဖြင့် နည်းပညာအထက်တန်းကျောင်းကို တက်ရောက်သည့် ကျောင်းသူ ကျောင်းသားများသည် တက္ကသိုလ်ကျောင်းသူကျောင်းသားများကဲ့သို့မဟုတ်ဘဲ ငယ်ရွယ်ပြီး မိမိကိုယ်ကိုထိန်းသိမ်းနိုင်စွမ်းမရှိသေးသော ၁၄ နှစ်၊ ၁၅ နှစ် အရွယ်များ ဖြစ်ပါကြောင်း၊ မိဘ များက ပညာတက်မြောက်စေလိုသော်လည်း ကျောင်းတွင်းအဆောင်များ မရှိခြင်း၊ ကျေးရွာရှိ အဆောင်များတွင် နေထိုင်ရခြင်း၊ စားစရိတ် ကြီးမားခြင်းများရှိပါကြောင်း၊
နိုင်ငံတော်၏ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမူဝါဒကို ချမှတ်ပြီး ပညာသင်ကြား ရေးကို ဆောင်ရွက်နေသည့် ယနေ့အချိန်အခါတွင် ယခုကဲ့သို့သင်တန်းတက်ရောက် သူနည်း ပါးလာပါက နိုင်ငံတော်၏ဘဏ္ဍာငွေများနှင့် မူဝါဒများအတွက် အဟောသိကံဖြစ်မည်ကို စိုးရိမ်မိပါကြောင်းနှင့် လိုအပ်သောအခြေခံသက်မွေးတတ်မြောက်သူမရှိပါက တိုင်းပြည် အတွက် အလွန်ပင်နစ်နာပါကြောင်း၊
ပခုက္ကူမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ငယ်ရွယ်သည့် ကျောင်းသူ ကျောင်းသားများအတွက်အသက်မွေးဝမ်းကျောင်းပညာရပ်ကို လေ့လာဆည်းပူး အေးချမ်းစွာ သင်ကြားနိုင်ရန်အတွက် ကျောင်းဆောင်များလိုအပ်နေပြီဖြစ်သည့်အတွက် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကျောင်းသားဆောင်များ တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။