(စ)-ရခိုင်ပြည်နယ်(မြောက်ပိုင်း)ရှိ စစ်ဖြစ်ပွားနေသော ဒေသများမှ ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-29

 

ရခိုင်ပြည်နယ် (မြောက်ပိုင်း)ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများတွင် တိုက်ပွဲတွေကြောင့် ၎င်းဒေသရှိ ကျောင်းသား ကျောင်းသူများသည် လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေးအတွက် များစွာအခက်အခဲ ဖြစ်နေကြောင်း၊ လက်ရှိအချိန်ထိ ဒေသမတည်ငြိမ်မှုကြောင့် ရသေ့တောင် မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် အခြေခံပညာကျောင်းများကို ယာယီ ပိတ်ထားရခြင်းများ ရှိကြောင်း၊ ယနေ့အချိန်ထိ တိုက်ပွဲရှောင်စခန်း ၁၀၇ ခုရှိပြီး ထို တိုက်ပွဲရှောင်စခန်များတွင် ကျောင်းသားကျောင်းသူ အရေအတွက်သည် ၂၃၀၀ ဝန်းကျင်ရှိ နေသည်ကို သိရှိရကြောင်း၊ တိုက်ပွဲရှောင်စခန်းများအတွင်းတွင်ရှိသည့် ကျောင်းသားကျောင်းသူ များ၏ ဘေးကင်းလုံခြုံစွာ အသက်ရှင်သန်နိုင်ရေးနှင့် လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင် ရေးသည် အင်မတန်အရေးကြီးနေကြောင်း၊ ထို့ကြောင့် နယ်မြေတည်ငြိမ်မှု မရှိသေးသည့် နေရာရှိကလေးများကို ၎င်းအခြေအနေမျိုးတွင် လုံခြုံစိတ်ချရသည့် ပညာရေးစနစ်တစ်ခု ဖန်တီး ပေးနိုင်ခြင်းမရှိပါက ၎င်းတို့၏ အနာဂတ်သည် ပညာသင်ကြားပိုင်ခွင့်ဆုံးရှုံးမှုကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပွားလာနိုင်ကြောင်း၊

ထို့ပြင် ကလေးများသည် ကျောင်းစာသင်ခန်းတွင် ရက်ရှည်လများစွာ ဝေးကွာနေပါက ပညာသင်ကြားရေးအပေါ်တွင် စိတ်ဝင်စားမှုအားနည်းသွားနိုင်သည့်အချက်ဖြစ်လာနိုင်ကြောင်း၊ ထို့ကဲ့သို့ စာသင်ခန်းနှင့် ဝေးကွာသွားသည့်နှင့်တစ်ချိန်တည်းတွင် ကလေးလုပ်သားကဲ့သို့ အဖြစ်မျိုးအပြင် အန္တရာယ်ရှိနိုင်သည့်နေရာများကို ရောက်ရှိသွားနိုင်ကြောင်း၊ ထို့အပြင် ကလေး သူငယ်ဆိုင်ရာအခွင့်အရေး ကြီးလေးသည့်ချိုးဖောက်မှုခြောက်ရပ်ကို ကျူးလွန်ခံရနိုင်ကြောင်း၊ ထို့ကြောင့် ၎င်းဒေသရှိ ကျောင်းသားကျောင်းသူများ၏ ပညာရေးကို ထိခိုက်ဆုံးရှုံးမှုမရှိစေရန် အတွက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိနေကြောင်း၊

မိမိမေးလိုသည့်မေးခွန်းသည် တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများ၊ နယ်မြေတည်ငြိမ်မှု မရှိသေးသည့်နေရာများတွင် ယာယီပိတ်ထားသည့် ကျောင်းများ၏အခြေအနေဖြစ်ကြောင်း၊ တချို့ကျောင်းများသည် ယာယီဆိုသော်လည်း ပြန်မဖွင့်နိုင်သေးသည့် ကျောင်းများရှိနေ ကြောင်း၊ လပိုင်းအတွင်းတွင် ဖွင့်လိုက်ပိတ်လိုက်နှင့် ကျောင်းများလည်းရှိနေကြောင်း၊ ၎င်း ကျောင်းများသည် ကျောင်းသားများအတွက် စာသင်နှစ်ကိုထိခိုက်နိုင်သလို သင်ယူရမည့် ပညာအရည်အသွေးကို ထိခိုက်နိုင်ကြောင်း၊ ထို့ပြင် ကလေးများ၏ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးကို အကောင်းဆုံးအနေအထားတစ်ခုဖြစ်စေရန် မည်ကဲ့သို့ စီမံ ဆောင်ရွက်နေသည်ကို သိလိုပါကြောင်း၊ လုံးဝပြန်မဖွင့်နိုင်သည့် အပြီးပိတ်လိုက်ရသည့် ကျောင်းများအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုသည့်အတွက် ရခိုင်ပြည်နယ် (မြောက်ပိုင်း)ရှိ တိုက်ပွဲများဖြစ်ပွားနေသောဒေသများမှ ကျောင်းသားကျောင်းသူများအတွက် အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။