(ဂ)-တန့်ဆည်မြို့နယ်အတွင်းရှိ R.M.C လက်ယာမြောင်းမကြီး၏ ရွှေဂူရေငုပ်ပြွန်အလျားပေ ၃၀၀ ကျော်၊ ရှစ်ပေပတ်လည်ပြွန်နှစ်လုံး ထပ်မံတည်ဆောက်ပေးရန်နှင့်R.M.C မြောင်းပေါင်များကို ပြုပြင်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

R.M.C တူးမြောင်းမကြီးကို ၁၉၉၆-၉၇ ခုနှစ်တွင် တူးဖော်ခဲ့သည့်အတွက် နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာတော်ငွေြဖင့် နှစ်စဉ်ဆည်မြောင်းအတွက် သုံးစွဲပြုပြင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် R.M.C တူးမြောင်းမကြီးနှင့် တူးမြောင်း၏လက်တံများ၊ ရေထွက်ပြွန်များ၊ ချောင်းပေါင်များ ပြုပြင်ရန်အတွက် ကျပ်သိန်းပေါင်း ၁၃၀၀၀ ထိ သုံးစွဲပြုပြင်ခဲ့ပါကြောင်း၊  သို့သော် ယနေ့အထိ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်မြို့နယ်တို့တွင်ရှိသည့် R.M.C တူးမြောင်း ရေသောက်စိုက်ပျိုးမြေဧက သုံးသောင်းကျော်သည် စိုက်ပျိုးရေလုံလောက်စွာမရခဲ့ပါကြောင်း၊ R.M.C မြောင်းမကြီးတူးဖော်စဉ်က စနစ်မကျခဲ့သည့်အတွက် လက်တံမြောင်းရေထိန်း၊ ရေကျော်၊ ရေထွက်ပြွန်များ  ကျိုးပဲ့ပျက်စီးနေပါကြောင်း၊ ရေမရသည့်အတွက် မြောင်းကြီး၊ မြောင်းငယ်၊ မြောင်းအသွယ်သွယ်များကို သုံးနှစ်အတွင်း အကြိမ်ကြိမ်လေ့လာကြည့်သည့်အခါ တောင်သူ လယ်သမားများ၊ ဆည်မြောင်းအရာရှိများနှင့် ဆွေးနွေးလေ့လာသည့်အခါမှာ အဓိကပြဿနာမှာ မြောင်းမကြီးထဲတွင် ရေမရှိြခင်းဖြစ်ပါကြောင်း ၊ R.M.C တူးမြောင်းမကြီးအတွင်း ရေစီးဆင်းမှု လုံလောက်ခြင်းမရှိသော်လည်း သဖန်းဆိပ်ဆည်ကြီးမှ နှစ်စဉ် စိုက်ပျိုးရေးဧက ငါးသိန်းကျော်ကို အဆင်ပြေစွာပေးဝေနိုင်ရန်အတွက် ကန်ရေပြည့် ရေလှောင်ပမာဏ ၂၇၉၄၀၀၀ ဧကပေကို နှစ်တိုင်းဝမ်းဗိုက်တွင် သိုလှောင်ထားနိုင်ပါကြောင်း၊ ကင်းတပ်ရေလွှဲဆည်မှ R.M.C တူးမြောင်း အတွက် ရေပမာဏ ၁၈၅၀ ကျူးဆက်အထိ ရေလွှတ်နိုင်ပါကြောင်း၊  သို့သော် ၁၃၀၀ ကျူဆက် သာ ရေအမှန်တကယ်လွှတ်နိုင်ပါကြောင်း၊ ပေ ၄၀၀၀ ကျော် အောက်တွင်ရှိသည့်ရေငုတ်ပြွန် သည် ရေပမာဏ ၁၄၀၀ ကျူဆက်ထက် ပိုပြီးလွှတ်၍ မရကြောင်း၊ ရှစ်ပေပတ်လည် ပြွန် နှစ်လုံးရှိသည့် ရွှေဂူရေငုတ်ပြွန်သည် ရေပမာဏ ၆၀၀ ကျူဆက်ခန့်ရေဝင်ရေထွက် ရှိပါကြောင်း၊  ၎င်းနေရာတွင် ရေစီးကိုဖမ်းဆုတ်ထားသလိုဖြစ်နေသည့်အတွက် ၎င်းအထက်ကပြွန်  DY4၊ DY3 စသည့် ရေထွက်လက်တံများ၊ ပြွန်များသည် ရေဦးနှင့် တန့်ဆည်မြို့နယ်များရှိ တောင်သူ လယ်သမားများအတွက် နွေစပါး၊ မိုးစပါးစိုက်ပျိုးရေ အလုံအလောက် ရရှိကြပါကြောင်း၊

ဒီပဲယင်း၊ အရာတော်၊ ဘုတလင်စိုက်ကွင်းများ စိုက်ပျိုးရေမလုံမလောက်ဖြစ်နေပါကြောင်း၊ ဆည် မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များကို လေ့လာမေးမြန်းသည့်အခါ ရွှေဂူ ရေငုတ်ပြွန်ကို ရှစ်ပေပတ်လည်နှစ်လုံး နောက်ထပ်တိုးချဲ့တည်ဆောက်လျှင် ရေစီးရေလာ ကောင်းပြီး ဒီပဲယင်း၊ အရာတော်၊ ဘုတလင်မြို့နယ်များရှိ လယ်ယာမြေများ အဆင်ပြေစွာ စိုက်ပျိုးနိုင်မည်ဟု ပြောပါကြောင်း၊ ရေပိုလွှတ်ပါက မြောင်းပေါင်များကို ချဲ့စရာမလိုဘဲ ဆည်မြောင်းဘောင်ခိုင်မာ တောင့်တင်းရန် လိုအပ်သည့်နေရာအချို့နှင့် ရွှေဂူရေငုတ်ပြွန်၏ အထက် ပေ ၅၀၀ ကျော်ခန့် ဆည်ပေါင်ကိုခိုင်မာအောင်တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ အကယ်၍ ပြင်ဆင်ပြီးသည့်အခါ ရေပမာဏတိုးမြှင့်ရောက်ရှိလာပါက ၎င်းမြောင်းကြီးများသည် အရင်ကတည်းက တောင့်တောင့်တင်းတင်း ဆောက်ထားသည့်အတွက် ပြဿနာမရှိပါကြောင်း၊ ဆည်ကြီးရေခွဲဇုန်နှင့် ကင်းတပ်ဆည်သည် ၅၂ မိုင်ကျော်ဝေးပါကြောင်း၊ ဘုတလင်၊ အရာတော် တို့ကို ၎င်းမှရေခွဲပြီး လွှတ်သော်လည်း စိုက်ပျိုးချိန်နောက်ကျပြီးမှ ရေများရောက်လာတတ် ပါကြောင်း၊ အရာတော်တူးမြောင်း၏ တိုးချဲ့တူးမြောင်းသည် စိုက်ဧက ၁၄၈၀၀ လောက်ထိ စိုက်ပျိုးနိုင်ပြီး ဘုတလင် တိုးချဲ့တူးမြောင်းသည် ၁၂ မိုင်ရှည်ပြီး စိုက်ဧက တစ်သောင်းကျော်ဧက ဖြစ်ပါကြောင်း၊

အရာတော်တိုးချဲ့တူးမြောင်း၏အစတွင်ရှိသည့် သရက်ခေါင်းရေထွက်ပြွန်သည် နှစ်ပေါင်း ၂၀ ကျော်တွင် တစ်ခါမှရေမရောက်သည့်အတွက် စိုက်ပျိုး၍မရခဲ့ပါကြောင်း၊ လယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာရန်အတွက် အဓိကလိုအပ်ချက်မှာ စိုက်ပျိုးရေဖြစ်ပါကြောင်း၊ ရေမရှိပါက စိုက်ပျိုး၍မရပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏ လယ်ယာမြေတွင် အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် ပေ ၃၄၀ ရှိသည့် ရွှေဂူရေငုတ်ပြွန်ကို ရှစ်ပေပတ်လည် ပြွန်နှစ်လုံး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံတိုးချဲ့တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်း မေးမြန်းပါသည်။