(င)-တည်ဆောက်ရေးလုပ်ငန်းတစ်ခုတွင် မြို့နယ် QC နှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့သည် မည်ကဲ့သို့ ဆောင်ရွက်နေသည်နှင့် သတ်မှတ်ကာလမတိုင်မီပျက်စီးပါက တင်ဒါအောင်ကုမ္ပဏီနှင့် အရည်အသွေးစစ်ဆေးရေး အဖွဲ့များက မည်သို့တာဝန်ယူမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
(င)-တည်ဆောက်ရေး လုပ်ငန်းတစ်ခုတည်းတွင် မြို့နယ် QC နှင့် အခြားအရည်အသွေးစစ်ဆေးရေး အဖွဲ့တို့သည် မည်ကဲ့သို့တာဝန်ယူဆောင်ရွက်နေသည်နှင့် တည်ဆောက်ရေးလုပ်ငန်းတစ်ခု သတ်မှတ်ကာလမတိုင်မီပျက်စီးပါက တင်ဒါအောင်ကုမ္ပဏီနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များက မည်သို့တာဝန်ယူမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ တွင် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းသွားမည် ဖြစ်ကြောင်း၊
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရည် အသွေးစစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ ခရိုင်အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ ရုံးချုပ် အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် Third Party ဆိုပြီး တည်ဆောက်ရေးလုပ်ငန်းများ အမျိုးအစားအလိုက် အဖွဲ့မျိုးစုံစစ်ဆေးဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ အချို့တည် ဆောက်ရေးလုပ်ငန်းများတွင် Third Party ငှားရမ်းခ တင်ဒါလုပ်ငန်းတစ်ခုလုံး၏ ကုန်ကျငွေ၏ ၁.၅ ရာခိုင်နှုန်းနှင့် ရုံးချုပ်တွင် Design နှင့် QC အတွက်ဆိုပြီး လုပ်ငန်းတစ်ခုလုံး၏ ကုန်ကျစရိတ် ၂ ရာခိုင်နှုန်း အသုံးပြုထားသည်ကို တွေ့ရကြောင်း၊ မိမိ၏မဲဆန္ဒနယ်ဖြစ်သည့် ဘုတလင် မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် လမ်းဦးစီးဌာန နှစ်ခုတွင် ရုံးချုပ် QC၊ Third Party စသည့် အရည်အသွေးစစ်ဆေးရေး ဝန်ဆောင်မှုများကို ငှားရမ်းအသုံးပြုနေသည်ကို တွေ့ရကြောင်း၊ လမ်းဦးစီးဌာနက ခင်းနေသည့် လမ်းတစ်ခုတည်းတွင် QC အဖွဲ့ကို နှစ်ဖွဲ့ငှားရမ်း အသုံးပြုနေသည်ကို တွေ့ရှိရကြောင်း၊ သို့သော် ကျန်သည့် ဝန်ကြီးဌာနများသည် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် QC ဝန်ဆောင်မှုလုပ်ငန်းကို ငှားရမ်းအသုံးပြုထားသည်ကို မတွေ့ရကြောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ ငှားရမ်းအသုံးပြုရန် အတွက် အဆိုကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားပြီး ဖြစ်ကြောင်း၊ ထိုနေရာတွင် Third Party အရည်အသွေး စစ်ဆေးရေးဝန်ဆောင်မှုများ မည်သည့်လုပ်ငန်းမျိုးတွင် ငှားရမ်းအသုံးပြု နေသည်ဆိုသည့် မေးခွန်းမျိုးကို ထုတ်ရမည် ဖြစ်နေကြောင်း၊
လက်ရှိ ငှားရမ်းအသုံးပြုနေသည့် Third Party ဆိုသည်များကလည်း ဒီပုတ်ထဲက ဒီပဲလို ဖြစ်နေကြောင်း၊ Company Profile များတွင် စမ်းသပ်ကိရိယာများက ဝေဝေဆာဆာဖော်ပြ ထားကြောင်း၊ သို့သော် တကယ့်လက်တွေ့မြေပြင်တွင် အရည်အသွေးစစ်ဆေးသည့် ကိရိယာ များပါမလာသည့်အတွက် ဌာနပိုင်ပစ္စည်းများကိုသာ ငှားရမ်းအသုံးပြုနေသည်ကို တွေ့ရ ကြောင်း၊ စာချုပ်ထဲတွင် ကြီးကြပ်စစ်ဆေးခြင်းများ၊ အစီရင်ခံစာတင်ပြခြင်းများ စသည့် လုပ်ငန်းများကို ပြည့်ပြည့်စုံစုံထည့်သွင်းချုပ်ဆိုထားသည်ကို တွေ့ရကြောင်း၊ ဥပမာ စာချုပ်ထဲက အချက်တစ်ခုကို ဖော်ပြရမည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းစဉ်တိုင်းတွင် ပြုလုပ်သည့် Water Quality Test၊ Concrete Cube Test၊ သံချောင်းများ၏ Test Result များ၊ လမ်းပိုင်း ဆိုင်ရာလုပ်ငန်းများဖြစ်သည့် CBR Test၊ Plate Bearing Test၊ SIT Test စသည့် စမ်းသပ် စစ်ဆေးလုပ်ငန်းများကို စစ်ဆေးပြီးပါက လုပ်ငန်းအပ်နှံသူ သက်ဆိုင်ရာဌာန၏ အကြီးအကဲ ထံသို့ တင်ပြရမည်ဟု ပါရှိကြောင်း၊ သို့သော် တချို့တည်ဆောက်ရေး လုပ်ငန်းများကသာ ပြင်ဆင်နေပြီ၊ Test Result များကို တင်ပြထားခြင်း မရှိသည်ဟု သိရကြောင်း၊ အချို့သော တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ငန်းပြီးဆုံးသွားသော်လည်း Third Party အဖွဲ့က ရောက်ရှိလာခြင်းမရှိသည်ကို သိရကြောင်း၊
ထိုကဲ့သို့ ဝန်ဆောင်ခယူပြီး အရည်အသွေးစစ်ဆေးပေးနေသည့်အဖွဲ့များ ပေါ်ပေါက်လာခြင်းကို ကြိုဆိုရမည် ဖြစ်ကြောင်း၊ သို့သော် စစ်ဆေးရာတွင် မည်သည့်ကိရိယာမျှမပါဘဲ ဝတ်ကျေ တမ်းကျေစစ်ဆေးပြီး ဖြစ်ကတတ်ဆန်းလုပ်နေခြင်း၊ နိုင်ငံ့ဘဏ္ဍာကို အလကားသက်သက် ဖြုန်းတီးနေခြင်းသာ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိ မေးမြန်းလိုသည်က (၁) တည်ဆောက်ရေး လုပ်ငန်းတစ်ခုတည်းတွင် မြို့နယ် QC၊ အခြားအရည်အသွေး စစ်ဆေးရေးအဖွဲ့များ စစ်ဆေးရာ တွင် မည်သည့်အဖွဲ့က မည်သို့တာဝန်ယူစစ်ဆေးမည်နှင့် (၂) တည်ဆောက်ရေးလုပ်ငန်း တစ်ခုကို သတ်မှတ်ကာလမတိုင်မီပျက်စီးပါက တည်ဆောက်ရေးတင်ဒါအောင်ကုမ္ပဏီနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များတွင် မည်သူကမည်သည့်တာဝန်ယူပြီးပြန်လည် ပြုပြင်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။