(ဂ)-တောင်သူများဘဝ တိုးတက်မြင့်မားလာရေး ကျွဲ၊နွားအရှင်တင်ပို့ခွင့်အရ နိုင်ငံ၏မွေးမြူရေးကဏ္ဍတိုးတက်လာရေး အတွက် မိမိပိုင်လယ်မြေတွင် စားကျက်မြေစိုက်ပျိုးနိုင်ခွင့်၊ စိုက်ပျိုးနည်းပညာနှင့်ချေးငွေများ ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဂ)-ကျေးလက်နေ တောင်သူများဘဝ တိုးတက်မြင့်မားလာရေး ကျွဲ၊ နွားအရှင် တင်ပို့ခွင့်အရ နိုင်ငံ၏ မွေးမြူရေးကဏ္ဍ တိုးတက်လာရေးနှင့် GDP တိုးတက်လာစေရေးအတွက် မိမိပိုင် လယ်မြေတွင် စားကျက်မြေ စိုက်ပျိုးနိုင်ခွင့်၊ စိုက်ပျိုးနည်းပညာနှင့် အထောက်အပံ့ ချေးငွေများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် ကျေးလက်နေပြည်သူများ၏ ဘဝမြင့်မားရေးနှင့် ပတ်သက်ပြီး မအူပင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက အဆိုအဖြစ် တင်သွင်းခဲ့သည့် ကျွဲ၊ နွားများ မွေးမြူရေးနှင့် ပတ်သက်သည့် မေးခွန်း ဖြစ်ကြောင်း၊
ဦးစိန်ဝင်း၏အဆိုအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၉-၁၀-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၇/၂၀၁၇)အရ ယခင်ကကန့်သတ်ကုန်အဖြစ် သတ်မှတ် ထားသည့် ကျွဲ၊ နွားအရှင်များ ပြည်ပတင်ပို့မှုနှင့်ပတ်သက်ပြီး ပိတ်ပင်ထားမှုကို ပယ်ဖျက်ပြီး တရားဝင်တင်ပို့ခွင့်ပြုခဲ့သည့်အတွက် ပြည်တွင်းတွင် ကျွဲ၊ နွား ရှားပါးပျောက်ကွယ်လာမည်ကို စိုးရိမ်သည့်အတွက် အဆိုအဖြစ်တင်သွင်းခဲ့ခြင်းအပေါ်တွင် ကိုယ်စားလှယ်များက ဝိုင်းဝန်း ဆွေးနွေးအကြံပြု တင်ပြခဲ့ကြဖူးကြောင်း၊ လက်ရှိအခြေအနေအရ မိမိတို့နယ်မြေများကို ကွင်းဆင်းသွားသည့်အချိန်တွင် မိမိမြို့နယ်ရှိ တောရွာတော်တော်များများတွင် ကျွဲ၊ နွားမွေးမြူ ခြင်းများနည်းပါးလာသည်ကို တွေ့ရကြောင်း၊ ကျွဲ၊ နွား မွေးမြူရန် အခက်အခဲသည် စားကျက်မြေ မရှိသည့် စိုက်ပျိုးလယ်မြေများတွင် ကျွဲ၊ နွားများ ဝင်ရောက်သည့်အတွက် ဒေသနေတောင်သူ အချင်းချင်းပြဿနာဖြစ်ကြခြင်းကြောင့် မမွေးကြခြင်းဖြစ်သည်ကို သိရကြောင်း၊ ၂၈-၃-၂၀၁၈ ရက်စွဲဖြင့် စားကျက်မြေဖော်ထုတ်ရေး ကြယ်ပွင့်မပြမေးခွန်းအပေါ်တွင် ပြည်ထဲရေးဝန်ကြီး ဌာန၏ဖြေကြားမှုအရ စားကျက်မြေဧက ၈၆၆၈၈၂. ၀၅ ရှိသည့်အနက် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးလိုက်ရသည့် ၁၃၅၈၃၆.၅၇ ဧကနှင့် ကမ်းပါးပြိုသည့်အတွက် ဖျက်လိုက်ရသည်က ၁၀၄.၆၀ ဧကရှိသည့်အတွက် လက်ကျန်က ၇၃၀၉၄၀.၈၈ ဧက ကျန်ရှိသည်ကို သိရကြောင်း၊ ထိုအချက်သည် စာရင်းအရသာဖြစ်ပြီး မြေပြင်တွင်အမှန်တကယ်မရှိနိုင်ဘူးဟု ယူဆကြောင်း၊ လက်ရှိနိုင်ငံ၏အခြေအနေအရ ကျေးလက်နေတောင်သူများ၏ ဘဝတိုးတက်မြင့်မားလာစေရန် သည် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းဖြင့် မဖြစ်နိုင်သည့်အပြင် မွေးမြူရေးလုပ်ငန်းနှင့်တွွဲပြီး လုပ်ကိုင်မှ ဖြစ်နိုင်မည်ဖြစ်သည့်အတွက် ဘိုးဘွားစဉ်ဆက်မွေးမြူလာခဲ့သည့် ကျွဲ၊ နွားများ ပြန်ပြီး မွေးမြူလာမည်ဆိုပါက လက်ရှိ ကျွဲ၊ နွားများ၏ ဈေးနှုန်းအရ မိသားစုတစ်စုတွင် ကျွဲ၊ နွား ငါးကောင်ခန့် မွေးပါက တစ်နှစ်တစ်သားကျသည့်အတွက် တစ်နှစ်ကို သိန်း ၅၀၊ ၆၀ ခန့် ငွေစုလာနိုင်မည် ဖြစ်ကြောင်း၊
ထို့ကြောင့် နိုင်ငံတော်သည် ပညာပေး၊ တွန်းအားပေးကူညီဆောင်ရွက်မှုများ ဆောင်ရွက် ပေးသင့်သည်ဟု ယူဆကြောင်း၊ မိမိမြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မွေး/ကု ဦးစီးဌာနက မြစိမ်းရောင်ရန်ပုံငွေဖြင့် နောင်ဘိုကြီးကျေးရွာတွင် ရန်ပုံငွေကျပ် ၃၃၇.၅ သိန်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဒိုင်းဖြတ်ကျေးရွာတွင် တောင်သူ ၃၀ ဦးကို နွားတစ်ကောင် ၁၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၃၀၀၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် နွား၊ ဝက် မွေးမြူရေး လုပ်ငန်း အကောင်အထည်ဖော်နေသည်များ ဆောင်ရွက်နေကြောင်းနှင့် စားကျက်မြေနှင့် ပတ်သက်ပြီး အောက်မြန်မာနိုင်ငံမြေခွန်နည်းဥပဒေ ၄၄ အမိန့် ဆင့်ဆိုချက် ၁၃ အရ နယ်ပိုင် ဝန်ထောက်က စားကျက်ငါးဧကနှင့် အရေးပိုင်က ၂၅၀ ဧကအထိ ခွင့်ပြုချထားပေးနိုင်ကြောင်း သိရသော်လည်း လက်ရှိမြေပြင်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အမှန်တကယ်ကျန်ရှိနေမှု ရှိ/မရှိ မသိနိုင်သည့်အတွက် အခက်အခဲတစ်ခုဖြစ်နေသည့်အတွက် ၎င်းပြဿနာကို ဖြေရှင်း နိုင်ရန်အတွက် လယ်သမားများမိမိပိုင်လယ်မြေများတွင် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စားကျက်စိုက်ပျိုးသည့် စနစ်ဆောင်ရွက်နိုင်မည်ဆိုပါက အဆင်ပြေနိုင် မည်ဟု ယူဆကြောင်း၊ လက်ရှိထိုင်းနိုင်ငံတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသည့် နေဗီယာမြက် အမျိုးအစားသည် တစ်လခွဲ၊ နှစ်လခန့်ကို တစ်ကြိမ်ရိတ်သိမ်းနိုင်ပြီး တစ်နှစ် တစ်ဧက တန် ၁၅၀၊ ၂၀၀ အထိ ထွက်သည့်အတွက် တစ်ဧက တစ်နှစ် မြန်မာငွေနှင့် ကျပ်သိန်း ၅၀ ခန့် ဝင်ငွေ ရနိုင်ကြောင်းသိရပြီး ကျွဲ၊ နွားမွေးမည်ဆိုပါက တစ်ဧကကို ၁၅ ကောင် မွေးနိုင်ကြောင်းနှင့် ခုနှစ်ရက် တစ်ကြိမ် ရိတ်သိမ်းနိုင်သည်ကို သိရကြောင်း၊ ကျွဲ၊ နွားများအတွက် သာမန် မြက်များထက် အာဟာရပိုကြွယ်ပြီး မြက်ချဉ်ပြုလုပ်မည်ဆိုပါက ခြောက်လအထိ ထားနိုင် ကြောင်း သိရသည့်အတွက် ၎င်းမြက်ချဉ်သည် မိုးရာသီကာလရေကြီးလာပါက ကျွဲ၊ နွားများ အတွက် အစာသိုလှောင်နိုင်သည်ဟု သိရကြောင်း၊
ထို့ကြောင့် နိုင်ငံအတွင်း ကျွဲ၊ နွားများ တရားဝင်နိုင်ငံခြားတင်ပို့မှုအပေါ် အထောက်အကူ ပြုနိုင်ရေး၊ ကျေးလက်နေတောင်သူများဘဝမြင့်မားအဆင်ပြေလာရေး၊ ကျွဲ၊ နွားများ နိုင်ငံ အတွင်း တဖြည်းဖြည်းပျောက်ဆုံးလျော့နည်းသွားမှုနှင့် အသားရှားပါးမှု၊ အသားဈေးနှုန်း မြင့်မားလာနေမှု၊ ပြည်သူများ အသားဈေးနှုန်း မြင့်မားစွာဝယ်ယူစားသုံးရမှုအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် မေးမြန်းလိုသည်က ကျေးလက်နေတောင်သူများဘဝ တိုးတက် မြင့်မားလာရေး၊ ကျွဲ၊ နွားအရှင် တင်ပို့ခွင့်အရ နိုင်ငံအတွင်း ကျွဲ၊ နွားများ လျော့နည်းပျောက် ဆုံးမှု၊ အသားရှားပါးပြီး ဈေးနှုန်းကြီးမြင့်လာမှု၊ ပြည်သူအများစားသုံးမှုလိုအပ်ချက် ပြည့်ပြည့်ဝဝ ဖြည့်ဆည်းနိုင်ရန် ခက်ခဲလာမှုအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ နိုင်ငံ၏ မွေးမြူရေးကဏ္ဍ တိုးတက်လာရေးနှင့် နိုင်ငံ GDP တိုးတက်လာစေရေးအတွက် ကျွဲ၊ နွားမွေးမြူရန် လိုအပ်သည့် စားကျက်မြေအတွက် မိမိပိုင်လယ်မြေတွင် စားကျက်မြေစိုက်ပျိုးနိုင်ခွင့်၊ စိုက်ပျိုးနည်းပညာနှင့် ထောက်ပံ့ချေးငွေများ ထောက်ပံ့ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။