(ခ)-သံတွဲခရိုင်အတွင်းရှိ ပြည်ထဲရေးအမည်ပေါက် ကျေးရွာတချို့တွင် အမည်နှစ်မျိုးခေါ်ဝေါ် သုံးစွဲ နေခြင်းအား မည်သည်ကအမှန်ဖြစ်သည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-29

 

သံတွဲခရိုင်အတွင်း ဂွမြို့နယ်၊ သံတွဲမြို့နယ်နှင့် ကျိန်တလီမြို့များတွင် ပြည်ထဲရေးအမည်ပေါက် လေးရွာကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တာဝန်ယူစဉ်က အမည်ပြောင်း လဲခဲ့ခြင်းရှိသည်ကို သိရှိရကြောင်း၊ သို့သော်လည်း ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ စာသင် ကျောင်းများ၏ အမည်ကို ပြောင်းလဲခြင်းမရှိ ယနေ့ထက်တိုင် ယခင်အတိုင်း ခေါ်ဝေါ်သုံးစွဲလျက် ရှိကြောင်း၊ ၎င်းအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရှိ ကွင်းအမည်များတွင် ယခင်အတိုင်းအမည်မပြောင်းလဲဘဲ ခေါ်ဆိုနေသည်ကို တွေ့ရှိရကြောင်း၊

သံတွဲခရိုင်အတွင်းရှိသည့် ပြည်ထဲရေးအမည်ပေါက်ကျေးရွာများကို အမည်ပြောင်းလဲထားသည့် အမည်စာရင်းတွင် ပြည်ထဲရေးအမည်ပေါက်ကျေးရွာများသည် (၁) မုဆိုးမ ကျေးရွာကို သပြေ ကုန်းကျေးရွာဟု ပြောင်းထားကြောင်း၊ (၂) ကုလားကျွန်းကျေးရွာကို သာယာကျွန်းကျေးရွာဟု ပြောင်းထားကြောင်း၊ (၃) ကုလားပုန်းကျေးရွာကို ခရေတန်းကျေးရွာဟု ပြောင်းထားကြောင်း၊ (၄) ကုလားပြင်ကျေးရွာကို ရတနာမြိုင်ဟု ပြောင်းထားကြောင်း၊ သပြေကုန်းကျေးရွာက စာသင်ကျောင်းများတွင် သပြေကုန်းကျေးရွာဟု နာမည်ပြောင်းထားသော်လည်း ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏ အပြောင်းအရွှေ့နှင့် လစာထုတ်သည့် ဇယားများတွင် မုဆိုးမရွာ ဟူသည့်အမည်နှင့် ခေါ်တွင်နေသည်ကို တွေ့ရကြောင်း၊ ကျေးပင်သာယာကျွန်း ကျောင်းအမည် ဟု ဆိုင်းဘုတ်တပ်ထားသော်လည်း ဆရာဆရာမများ၊ ဝန်ထမ်းအပြောင်းအရွှေ့နှင့်  လစာ ထုတ်ခြင်းများတွင် ကုလားကျွန်းကျေးရွာဟု ဆက်လက်ခေါ်ဝေါ်သုံးစွဲနေသည်ကို တွေ့ရကြောင်း၊ ကုလားပုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဟု ဆိုင်းဘုတ်တပ်ထားသော်လည်း တစ် ဘက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက VDP Project ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းပေးသည့်အချိန်တွင် ခရေတန်းကျေးရွာဟု ဆိုင်းဘုတ်တပ်ထားသည်ကို တွေ့ရကြောင်း၊ အခြေခံပညာမူလတန်းကျောင်း ကုလားပြင်ကုန်းပိုင်း ဆိုင်းဘုတ်တွင် ကုလား ပြင်ရွာ အထက်တန်းကျောင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနတွင် ကုလားပြင်ဟု ယခင်အတိုင်းခေါ်ဝေါ်သုံးစွဲပြီး တပ်ထားသည်ကို တွေ့ရကြောင်း၊ ကုလားပြင်ကို ရတနာမြိုင်ဟု ပြောင်းလဲထားခြင်းကို တွေ့ရကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာများကို အမည်နှစ်မျိုးခေါ်ဝေါ်သုံးစွဲနေခြင်းကို မည်သည်ကအမှန်ဖြစ်သည်ကို သိလိုပါ ကြောင်း မေးမြန်းပါသည်။