(ဂ)-သံတောင်ကြီးမြို့ပေါ်တွင် အဆင့်မြင့်အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သံတောင်ကြီးမြို့သည် တောင်ပေါ်တွင်တည်ရှိသည့်အားလျော်စွာ မြေပြန့်ဒေသမရှိဘဲ ဘောလုံးအားကစားကွင်းလည်း မရှိပါကြောင်း၊ ဒေသခံများ၊ လူငယ်လူရွယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ အားကစားဝါသနာပါသူများ၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား မှုနှင့် အားကစားဘောလုံးပြိုင်ပွဲများကျင်းပပေးရန်အတွက် အားကစားကွင်းလုံးဝမရှိခဲ့သည့် အတွက် အဆင့်မြင့်အားကစားကွင်းကို လိုအပ်လျက်ရှိနေပါကြောင်း၊
အဆင့်မြင့်အားကစားကွင်းတည်ဆောက်ပေးရန်ကိစ္စနှင့်ပတ်သက်၍ သံတောင်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက် စာအမှတ်၊ ၄/၂၉/ဦး(၁) အထဥ-၄၉၀ ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ တောင်းဆိုတင်ပြခဲ့ပါကြောင်း၊ သံတောင်ကြီး မြို့နယ်တွင် သံတောင်ကြီးမြို့၊ လိပ်သိုမြို့၊ ဘောကလိမြို့တို့တွင်လည်း အဆင့်မီအားကစား ကွင်းများလိုအပ်သည်ဟု အသိပေးလိုပါကြောင်း၊
သံတောင်မြို့တွင် မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းတစ်ခုကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တည်ဆောက်ပြီးဖြစ်သော်လည်း အားကစားကွင်းအတွင်း ကာရံရန်နှင့် အားကစားကွင်း ကာရံပြီးရန်အတွက်သော်လည်းကောင်း၊ ပွဲကြည့်စင်တည်ဆောက်ရန်အတွက်သော်လည်း ကောင်း လိုအပ်လျက်ရှိနေပါကြောင်း၊
သံတောင်ကြီးမြို့နယ်အတွက် အဓိကအထူးလိုအပ်သည်မှာ သံတောင်ကြီးမြို့ပေါ်တွင် အဆင့်မြင့်ဘောလုံးအားကစားကွင်းတစ်ကွင်း တည်ဆောက်ပေးနိုင်ရန် ဖြစ်သည့်အတွက် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် ရှိခဲ့ပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည် ဆောက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။