(စ)-ချီဖွေ-ပန်ဝါလမ်း(၄)မိုင်စခန်းမှ တောင်သုံးလုံး/မဲ့လိမ်ကော့စုစည်း-လန်းယန်းလမ်းပိုင်း မိုင်(၂၀)ခန့်နှင့် စပ်လျဉ်းသည့်မေးခွန်း
ချီဖွေ-ပန်ဝါလမ်း(၄)မိုင်စခန်းမှ တောင်သုံးလုံး/မဲ့လိမ်ကော့စုစည်း-လန်းယန်းလမ်းပိုင်း မိုင်(၂၀)ခန့်အား အများပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဆင့် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဆော့လော်မြို့နယ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်တွင်ပါဝင်သည့် ချီဖွေမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ခေါင်လန်းဖူးမြို့နယ်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည့် ဝေးလံခက်ခဲသော တောင်ပေါ်မြို့ တစ်မြို့ဖြစ်ပါကြောင်း၊ ဆော့လော် မြို့နယ်သို့ သွားလာမည်ဆိုပါက ချီဖွေမြို့နယ်- တောင်သုံးလုံး-စုစည်း-လန်းယန်လမ်း တစ်လမ်း အဖြစ်သာ ဆက်သွယ်သွားလာနိုင်ပြီး နယ်နိမိတ်ထိစပ်နေသော တခြားမြို့နယ်များမှ ဆက်သွယ် သွားလာနိုင်ခြင်းမရှိပါကြောင်း၊ ဆော့လော်မြို့နယ်တစ်ခုလုံးမှ မိဘ ပြည်သူများသည် တောင်သုံးလုံး- စုစည်းလမ်းတစ်ခုကိုသာ အသက်သွေးကြောလမ်းအဖြစ် ဆက်သွယ်သွားလာ နေကြရခြင်းဖြစ်ပါကြောင်း၊ သို့သော် မိုးတွင်းကာလ၌ နှစ်စဉ်နှစ်တိုင်းမြေပြိုကျပြီး လမ်းပိတ်ဆို့နေ သည့်အတွက် ဆက်သွယ်သွားလာ၍ မရဘဲ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်မှ တစ်ဆင့် ခက်ခက်ခဲခဲဝင်/ထွက်သွားလာနေကြရပါကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး ဆရာဆရာမများ အနေဖြင့်လည်း တောင်သုံးလုံး-စုစည်းလမ်း မြေပြို၊ လမ်းပိတ်ဆို့နေမှုများကြောင့် မိမိတို့စာသင်ချိန်ထက် တစ်လ၊ နှစ်လနောက်ကျပြီးမှသာ ရောက်ရှိလျက်ရှိပါကြောင်း၊ အိမ်နီးချင်း တရုတ်နိုင်ငံမှ သွားလာမည်ဆိုပါကလည်း ဝင်/ထွက်သွားလာခွင့်စာများ ပြုလုပ်ရသည့်အတွက် အချိန်ကုန် လူပင်ပန်းခြင်း၊ ငွေကြေးများစွာ ကုန်ကျခံနေရခြင်းစသည့် အခက်အခဲများစွာ ရှိနေပါကြောင်း၊ ထို့အပြင် ပွင့်လင်းရာသီရောက်ပါက တောင်တက်လမ်းအရှည်၊ တောင်ဆင်းလမ်း အရှည်၊ ဂကွေ့လမ်းကျဉ်းကလေးသာဖြစ်သည့်အတွက် ခရီးသွားလာနေကြသည့် ပြည်သူ လူထု များ၏ ကား၊ ဆိုင်ကယ်တို့မှာ အင်ဂျင်လောင်ကျွမ်းပျက်စီးခြင်းများ အမြဲတမ်း ကြုံတွေ့ခံစား နေကြရပြီး အလွန်အန္တရာယ်များသည့် အနေအထားကိုတွေ့မြင်ရပါကြောင်း၊ ချီဖွေ-လန်းယန် လမ်းခက်ခဲကြမ်းတမ်းမှုများကြောင့် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်တို့သည် ဖွံ့ဖြိုးတိုးတက် လာမှုမရှိဘဲ မြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားလူမှုဘဝများစွာ နိမ့်ကျခက်ခဲမှု ကြုံတွေ့နေကြရပါကြောင်း၊
ချီဖွေမြို့နယ်နှင့်ဆော့လော်မြို့နယ်တို့သည် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ငြိမ်းချမ်းရ ယူထား သည့် ဒေသများဖြစ်သည့်အပြင် ထာဝရငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြား မြို့နယ်များထက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်နေသည့်ဒေသဖြစ်သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းများ လျာထားဆောင်ရွက်ပေးခြင်းများမရှိသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ရပါကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် တိုင်းရင်းသားလူမျိုးများ အများစုနေထိုင်ရာ နယ်စပ်ဒေသများတွင် ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ မူဝါဒများနှင့်အညီ ချီဖွေ-လန်းယန်လမ်းအား ရာသီမရွေးဆက်သွယ်သွားလာနိုင် စေရန် ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးမည်ဆိုပါက အများပြည်သူများ အစိုးရဌာန ဆိုင်ရာများအတွက် များစွာအကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ချီဖွေ-ပါဝါ(၄)မိုင်စခန်းမှ တောင်သုံးလုံး-မဲ့လိမ်ကော့-စုစည်း-လန်းယန်လမ်းပိုင်း မိုင် ၂၀ အား အများပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ရာသီမရွေးသွားလာ နိုင်သော ကျောက်ချောလမ်းအဆင့် ပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးမည် ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည် သို့မဟုတ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။