(ခ)- မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)နှင့် နည်းဥပဒေ(၂၀၁၇) ပြဋ္ဌာန်းချက်များပါ အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေး ဆေးရုံ(၁)ရုံ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)နှင့် နည်းဥပဒေ(၂၀၁၇) ပြဋ္ဌာန်းချက် များပါအချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေးဆေးရုံ(၁)ရုံ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်ကို မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်က ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မသန်စွမ်းသူများ၏အခွင့်အရေးနည်းဥပဒေ ကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းနည်းဥပဒေ၏အခန်း(၄)အပိုဒ် ၂၁၊ ၂၂ နှင့့် ၂၄ များတွင် ကျန်းမာရေးဆိုင်ရာဆောင်ရွက်ပေးရမည့် ကိစ္စရပ်အဝဝကိုလည်း အသေးစိတ်ဖော်ပြထား ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ၏ ၂.၃ ရာခိုင်နှုန်း၊ တစ်နည်းအားဖြင့် လူပေါင်းတစ်သန်းကျော်သည် မသန်စွမ်းသူများဖြစ်ပါကြောင်း၊ ပြည်ပအဖွဲ့ အစည်းတစ်ခုက မိမိတို့နိုင်ငံအတွင်းတွင် မသန်စွမ်းသူပေါင်း ၁၀ ရာခိုင်နှုန်းအထိရှိသည်ဟု ဖော်ပြထားပါကြောင်း၊ မသန်စွမ်းမှုအဓိပ္ပာယ်ဖွင့်ဆိုချက်များ မတူညီသည့်အတွက် လွဲနေကြခြင်း ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများထဲတွင် အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်း သူများ၊ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးနိမ့်သူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ ပါဝင် ပါကြောင်း၊ မိမိတို့၏မျိုးရိုဗီဇကြောင့်သော်လည်းကောင်း၊ ကူးစက်ရောဂါများကြောင့်သော်လည်း ကောင်း၊ ဓာတုပစ္စည်းများနှင့် ဆေးဝါးများကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက် ဒဏ်ရာများကြောင့်သော်လည်းကောင်း မသန်မစွမ်းမှုများဖြစ်ပွားနေပါကြောင်း၊ ယနေ့အခါ ထိခိုက်ဒဏ်ရာများနှင့် မတော်တဆဖြစ်မှုများကြောင့် မသန်စွမ်းသူများများပြားလာနေပါ ကြောင်း၊ မသန်စွမ်းသူအများစုသည်လည်း အခြားသူများကို မှီခိုနေထိုင်ကြရသည့်အတွက် ဆင်းရဲချို့တဲ့သူများဖြစ်ပြီး ဆင်းရဲချို့တဲ့သောမိသားစုများ၏ မသန်စွမ်းသူများကလည်း ချို့ချို့ တဲ့တဲ့ဖြင့် နေထိုင်နေကြရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများကို အလေးထားဆောင်ရွက်ပေးလျက်ရှိသော်လည်း မသန်စွမ်း သူများ လူ့အသိုင်းအဝိုင်းတွင် တန်းတူပါဝင်ခွင့်ရရှိရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများအတွက် မိမိတို့ရှေ့ဆက်ပြီး များစွာဆောင်ရွက်ပေးရန် လိုသေးပါကြောင်း၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိရေးနှင့့် ဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းကိုဆောင်ရွက်ရန် လက်ရှိအခြေအနေတွင် ရန်ကုန်မြို့၊ ကျိုက်ဝိုင်းရှိ ပြန်လည်သန်စွမ်းရေးဆေးရုံတစ်ခုသာရှိပါကြောင်း၊ မြန်မာပြည် အထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေးဆေးရုံမရှိသေးသော်လည်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မတ္တရာမြို့ရှိ အနာကြီးရောဂါဆေးရုံသည် အနာကြီးရောဂါကိစ္စရပ်များသာမက ပြန်လည် သန်စွမ်းရေးကိစ္စအဝဝကို ဆောင်ရွက်ပေးနေပါကြောင်း၊ ယခုအခါ နိုင်ငံတစ်ဝန်းတွင် အနာကြီး ရောဂါ နှစ်စဉ်ဖြစ်ပွားမှုလျော့နည်းလာသည့်အတွက် အနာကြီးရောဂါသည်များ နည်းလာပြီဖြစ် ပါကြောင်း၊ အနာကြီးရောဂါကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့သူများကိုသည် အဓိကထားပြီး ပြုစု ပျိုးထောင်ပေးနေရသည့်ဆေးရုံလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြန်လည် သန်စွမ်းရေးဆေးရုံမရှိသည့်အတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေး ကိစ္စရပ်ကို ဆောင်ရွက်လိုသောပုဂ္ဂိုလ်များသည် ရန်ကုန်မြို့အထိလာရသည့်အတွက် နေရေး၊ စားရေး၊ သွားရေး၊ လာရေးကိစ္စအဝဝအတွက် အခက်အခဲများနှင့် ကြုံနေရတာဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြန်လည်သန်စွမ်းရေးဆေးရုံတစ်ခု အထက်မြန်မာနိုင်ငံတွင် လိုအပ်နေပါကြောင်း၊ မတ္တရာဆေးရုံအနေဖြင့် အနာကြီးရောဂါသည်များ၏ ပြန်လည်သန်စွမ်းရေးလုပ်ငန်းများ၊ ခြေတု လက်တုကိစ္စရပ်များကိုလည်း ယခုအချိန်တွင်ဆောင်ရွက်နေပြီး ဝန်ထမ်းအများစုသည် ပြန်လည် သန်စွမ်းရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါကြောင်း၊ ထို့ကြောင့် လိုအပ်ချက်ရှိနေသော မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေးဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တည်ဆောက်ပေးရန်အခက်အခဲရှိပါက မတ္တရာ အနာကြီးဆေးရုံကို ပြန်လည်သန်စွမ်းရေးဆေးရုံအဖြစ်ဖြင့်ပြုပြင်ပြောင်းလဲပြီး အဆင့်တိုးမြှင့်ပြီး ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။