(က)-၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ယခုလက်ရှိ မက်သဒုံးဆေး တိုက်ကျွေးနေသည့် ဌာန(၅၅)ခုအပြင် ထပ်မံတိုးချဲ့ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မက်သဒုံးဆေးကို နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်ဆေးဝါးများ စာရင်းတွင် ထည့်သွင်းထားကြောင်း၊ ဘိန်းဖြူစွဲနေသည့်သူများအတွက် ကျန်းမာရေး အန္တရာယ် လျှော့ချရန် မက်သဒုံးဆေးတိုက်ကုသပေးခြင်း ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တခြား ကုလသမဂ္ဂများ ဖြစ်သည့် UNODC၊ UNAIDS တို့ကလည်း အကြံပြုထားကြောင်း၊ ကြောင်းကျိုးဖော်ပြချက်ကို ဆက်ဖော်ပြရမည်ဆိုပါက ၂၀၁၈ ခုနှစ်က ဗဟိုက အမျိုးသား မူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒအသစ်သည် လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် ဟန်ချက်ညီညီ ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ၎င်းမက်သဒုံး တိုက်ကျွေးခြင်း၏ ရည်ရွယ်ချက်သည် မူးယစ်ဆေးဝါး ထိုးသွင်းသည့်သူအကြားတွင် ရောဂါကူးစက်မှုကာကွယ်နိုင်ကြောင်း၊ တခြားသူများနည်းတူ အလုပ်အကိုင် ရနိုင်ကြောင်း၊ ပညာသင်နိုင်ကြောင်း၊ မူးယစ်ဆေးဝါး နွံထဲမှ ရုန်းထွက်နိုင်မည်ဖြစ်ပြီး မူးယစ်နှင့်ပတ်သက်သည့် ရာဇဝတ်မှုများ လျော့နည်းသွားမည် ဖြစ်သည့်အတွက် ယခုမေးခွန်းကို မေးရခြင်း ဖြစ်ကြောင်း၊ HIV အပါအဝင် သွေးထဲမှတစ်ဆင့် ကူးစက်နိုင်သည့်ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ခြင်းဆိုသည့် အကျိုးကျေးဇူးနှင့် ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် သောက်သုံးရသည့်အတွက် တရားမဝင်တင်သွင်းဖြန့်ဖြူးသည့် မူးယစ်ဆေးဝါးအကြောထဲကို ထိုးသွင်းသည့် အန္တရာယ်မှ ကင်းဝေးမည်ဖြစ်ကြောင်း၊ ဆက်စပ်နေသည့် ရာဇဝတ်မှုများလည်း လျော့ကျသွားမည် ဖြစ်သည့်အပြင် မိသားစုနှင့် ပတ်ဝန်းကျင်တွင်ရှိသည့်သူများ၏ ကျန်းမာရေး၊ လူမှုရေးဖွံ့ဖြိုးမှုအဘက်ဘက်က အကျိုးရှိမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရည်မှန်းချက်များ ကောင်းသော်လည်း စိန်ခေါ်မှုများက ရှိနေကြောင်း၊ ၎င်းမက်သဒုံးကုသမှုကို လာမခံယူခြင်း၊ မက်သဒုံးတိုက်ကျွေးသည့်နေရာများသည် အလွန်ကွာဝေးကြောင်း၊ သောက်သုံးသည့်သူလည်း များလာကြောင်း၊ အချိန်ပေးရခြင်း ဖြစ်ကြောင်း၊ လူသိမည်ကို ကြောက်ကြောင်း၊ ခွဲခြားဆက်ဆံမည် ‌‌ကြောက်သည်ဆိုသည့် စိုးရိမ်စိတ်များ ရှိနေကြောင်း၊ လူမှုရေးထုံးစံအရ အမျိုးသမီးများလည်း ပါဝင်နေသည့်အတွက် ခက်ခဲနေခြင်းများ ဖြစ်ကြောင်း၊ မက်သဒုံးတိုက်ကျွေးသည့်ဌာနတွင် တန်းစီနေရခြင်းများကို တွေ့ရကြောင်း၊ ထို့ကိစ္စသည် Challenges တစ်ခု ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တန်းစီနေရသည့်အတွက် ၎င်းပတ်ဝန်းကျင်တွင်ရှိသည့် လက်ဖက်ရည်ဆိုင်များ ထိုင်ရကြောင်း၊ ဝင်ငွေမဝင်သည့်အပြင် ဝင်ငွေများထွက်ကြောင်း၊ မိန်းကလေးများသည် ပိုပြီးမတန်းစီရဲခြင်းများ တွေ့ရကြောင်း၊ လူသိမြင်မည်စိုးသည့် စိုးရိမ်စိတ်‌များရှိသည့်အပြင် ခြောက်လပြည့်အောင် ကုသရမည်ဆိုသည့် ရည်မှန်းချက်ကလည်း ခြောက်လမပြည့်ခင် အချိန်တိုအတွင်းတွင် ရပ်နား သွားခြင်းများကိုတွေ့သည့်အပြင် တခြားမလိုလားအပ်သည့် ပြဿနာများကိုလည်း တွေ့ရကြောင်း၊

ထို့ကြောင့် ၎င်းဌာန ၅၅ ခုအပြင် ထပ်မံတိုးရန်လိုအပ်နေကြောင်း၊ မက်သဒုံးသောက်ရန် စာရင်းပေးသည့် လက်ရှိလူဦးရေသည် ၂၀၁၈ ခုနှစ်အထိ တက်တက်လာသည်ကို တွေ့ရကြောင်း၊ ထိုကဲ့သို့ တက်လာသည်များရှိသော်လည်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအကြောထဲထိုးသွင်း သည့် အရေအတွက်သည် ကိုးသောင်းကျော်၊ တစ်သိန်းနီးပါး ရှိနေကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်၏ IBBS ၏ စစ်တမ်းအရ ၎င်းဦးရေနှင့် နှိုင်းယှဉ်မည်ဆိုပါက မက်သဒုံးသောက်သုံးနေသည့် လူဦးရေသည် ၁၅ ရာခိုင်နှုန်းသာ Coverage ရခြင်းကို၊ လာပြီးသောက်သုံးခြင်းကို တွေ့ရကြောင်း၊ WHO လမ်းညွှန်မှုနှင့် ယှဉ်ပါက နည်းပါးနေသည်ကို တွေ့ရကြောင်း၊  မက်သဒုံးဆေးရည် ခြောက်လ အထိ မပျက်သောက်ရမည်က ၇၅ ရာခိုင်နှုန်း မျှော်မှန်းထားသော်လည်း ၆၉ ရာခိုင်နှုန်းသာ တွေ့ရကြောင်း၊ ထို့ကြောင့် အဘက်ဘက်တွင် မိမိတို့လိုအပ်နေသည်ကိုတွေ့သည့်အတွက် ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့သည် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ယခုလက်ရှိမက်သဒုံးဆေးတိုက်သည့် ဌာန ၅၅ ခုအပြင် ထပ်မံတိုးချဲ့ ရန် အစီအစဉ် ရှိ/မရှိနှင့် ရှိမည်ဆိုပါက မည်ကဲ့သို့နည်း၊ မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။