(က)-တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်များကို မည်သည့် အတွက်ကြောင့် ထားရှိပြီး ပြည်သူ့စစ်များ၏လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်အဖွဲ့များကို မည်သည့်ဌာန အဖွဲ့အစည်းက တာဝန်ခံမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ့စစ်များကို ပြည်သူ့ကောင်စီလက်ထက် ၁၉၇၆-၁၉၇၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရှိရပါကြောင်း၊ အဆိုပါ အချိန်တွင် ကျေးရွာ နယ်မြေများတွင် လုံခြုံရေးအတွက် ပြည်သူ့စစ်များဖွဲ့ကာ တာဝန်ယူထားရှိခဲ့ရပါကြောင်း၊ ယခင် လက်နက်ကိုင်ဆူပူချိန်ကာလတွင် မငြိမ်းချမ်းသည့် နယ်မြေများကို လုံခြုံရေးအတွက် ပြည်သူ့စစ်ကိုထားရှိခဲ့ရသည်ဟု သိရှိရပါကြောင်း၊ ပင်လယ်နှင့် ထိစပ်နေသည့် ဒေသ၊ နယ်နိမိတ်ထိစပ်နေသည့် ဒေသများအတွက် ထားရှိရပါကြောင်း၊
ယခုနောက်ပိုင်း ငြိမ်းချမ်းသည့်နယ်မြေများတွင်လည်း ပြည်သူ့စစ်များ ဆက်လက် ထားရှိနေသကဲ့သို့ ပြည်သူ့ရဲစခန်းရှိသည့် ကျေးရွာများတွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့များ ပူးတွဲပြီး ထားရှိထားသည်ကို တွေ့ရှိရပါကြောင်း၊
တစ်နိုင်ငံလုံးအနေဖြင့် ပြည်သူ့စစ်အဖွဲ့ပေါင်း ၆၀၅၀ ရှိပြီးတစ်ဖွဲ့လျှင် အနည်းဆုံး ၂၀ ဦးမှ ၆၀ ဦးအထိ ဖွဲ့စည်းရန် ခွင့်ပြုထားပါကြောင်း၊ ပေါင်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ရှိသည့် ရွာပေါင်း ၄၅ ရွာ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပေါင်း ၁၁၂၆ ဦးရှိပြီး လက်နက်ကိုင်ခွင့်ပြုထားသည့် ကျေးရွာ ၂၈ ရွာ၊ လက်နက်အရေအတွက် ၂၄၆ လက်နှင့် ကျည်ဆန် ၇၅၁၃ တောင့်ခွင့်ပြုထား သည်ပါကြောင်း၊ ပေါင်မြို့နယ်သည် အညိုရောင်နယ်မြေမဟုတ်ဘဲ မော်လမြိုင်နှင့် ဆက်စပ်နေသည့် မြို့နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊
ပြည်သူ့စစ်၏စည်းမျဉ်းစည်းကမ်းများတွင် ပြည်သူနှင့်အတူ ပြည်သူတို့၏ အသက်အိုးအိမ် များကို ကာကွယ်ရမည်ဟု တွေ့ရှိရသော်လည်း လက်ရှိကြားသိနေရသည်မှာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မူးယစ်ဆေးဝါးများ ဖမ်းမိခြင်း၊ နယ်စပ်များတွင် သစ်မှောင်ခို ခိုးထုတ်ခြင်း၊ ပင်လယ်နှင့်ထိစပ်သည့် ကျေးရွာများတွင် သစ်တွေကို မှောင်ခိုခိုးထုတ်နေခြင်း များသည် ပြည်သူ့စစ်များသာ ဖြစ်ပါကြောင်း၊ ပြည်နယ်ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများ အားလုံး ပြည်သူ့စစ်အကြောင်းကို ကောင်းကောင်းသိပါကြောင်း၊
ပြည်သူများနှင့်အတူ အလွန်နီးကပ်စွာပူးတွဲနေထိုင်ရသည့် ပြည်သူ့စစ်အဖွဲ့ကို လက်နက်၊ အာဏာ၊ လုပ်ပိုင်ခွင့်များပေးထားခဲ့မည်ဆိုပါက အချိန်အခါမရွေး လူမှုရေးပဋိပက္ခများ၊ အာဏာအလွဲသုံးစားမှုများ ပြုလုပ်လာနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ သင်္ကြန်ကာလတွင် ပေါင်မြို့နယ်၊ ထန်းပင်ဂျောင်ကျေးရွာတွင် ပြည်သူ့စစ် ခေါင်းဆောင်၏သားပါဝင်သည့်အဖွဲ့နှင့်ကျေးရွာလူငယ်တစ်စုစတင်ဖြစ်ပွားခဲ့ရာမှာ ရပ်ကွက်/ ကျေးရွာပြည်သူများကို ကူးစက်ခဲ့ပြီး ကျေးရွာပြည်သူများ၏ အိမ်ပေါ်များထိ တက်ရောက် ဖျက်ဆီးပြီး ထိန်းသိမ်း၍မရသည့်အခြေအနေဖြစ်ခဲ့ရပါကြောင်းနှင့် ပြည်သူ့စစ်ခေါင်းဆောင် ၏ ဇနီးပါထပ်မံပြီးရပ်ကွက်ပြည်သူများနှင့် ဆက်လက်ဖြစ်ပွားခဲ့ရပါကြောင်း၊ ပြည်သူ့စစ် ခေါင်းဆောင်၏ လူအုပ်စုခွဲရန်သေနတ်လေးချက် ပစ်ဖောက်ခဲ့ရပါကြောင်း၊ ၎င်းကျေးရွာတွင် ရဲစခန်းတစ်ခုလည်းရှိပြီး အခင်းဖြစ်စဉ်တွင် ပြည်သူ့ရဲတပ်ဖွဲ့လည်း ရှိနေပါကြောင်း၊ အမှန်မှာ ကျေးရွာ၏ လုံခြုံရေးနှင့် အေးချမ်းသာယာရေးကို တာဝန်ယူထားရသည့် ပြည်သူ့ရဲ ၏ လုပ်ပိုင်ခွင့်သာ ဖြစ်သည်ဟု ထင်မြင်မိပါကြောင်း၊
ပြည်သူ့စစ်မှအာဏာကို ကိုယ့်၏သွေးသားအတွက် သုံးစွဲခဲ့ပြီး ရပ်ကွက်နေပြည်သူများကို ခြိမ်းခြောက်သည့် စကားများလည်း ပြောဆိုပါကြောင်း၊ ပြည်သူများမှ တိုင်ကြားပြီးအမှုဖွင့် ထားသော်လည်း တိုင်ကြားသူကိုသာ ခရိုင်အဆင့်ထိခေါ်ယူစစ်ဆေးနေသည်မှာ အကြိမ်ကြိမ် အခါခါဖြစ်ပါကြောင်းနှင့် ယနေ့တိုင် အရေးယူဆောင်ရွက်မှု အသံကြားသိရသေးခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ပြည်သူ့စစ်ထားရှိရသည့် ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်နှင့် ပြည်သူ့စစ်အဖွဲ့ကို မည်သည့်ဌာန၊ အဖွဲ့အစည်းများက တာဝန်ယူ တာဝန်ခံမည်ကိုလည်းသိရှိလိုပါကြောင်း မေးမြန်းပါသည်။