(ခ)-မယ်စဲ့ဝင်ပေါက် BP-13 မှတစ်ဆင့် လွိုင်ကော်မြို့နယ်အထိ ပြည်ပခရီးသွားများ ၂ ညအိပ် ၃ ရက် ခရီးစဉ် သို့မဟုတ် ၆ ညအိပ် ၇ ရက်ခရီးစဉ် လည်ပတ်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကယားပြည်နယ် ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း အကယ်၍ ၎င်းဝင်ပေါက်မှ ပြည်တွင်း ပြည်ပခရီးသွားများအား ဝင်/ထွက်သွားလာလည်ပတ်ခွင့်ပြုမည် ဆိုပါက ကယားပြည်နယ် သာမက ကယားပြည်နယ်နှင့် နယ်စပ်ထိစပ်လျက်ရှိိသော ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ကရင်ပြည်နယ် တို့ပါ ကုန်သွယ်မှုအားကောင်းလာမည် ဖြစ်ပါကြောင်း၊ ကယားပြည်နယ် အစိုးရအနေဖြင့် ၂၇-၁၀-၁၀ ရက်နေ့တွင် မယ်စဲ့မြို့နယ် နယ်စပ်အကြိုကုန်သွယ်ရေးစခန်းကို လည်းကောင်း၊ ၉-၃-၁၇ ရက်နေ့ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့အကြား ညီအမမြို့တော် (Sister Cities)အဖြစ် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဝန်တို့က နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ကယားပြည်နယ် အစိုးရအနေမှ ပြည်ထောင်စုအစိုးရသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊
၃-၉-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဟောင်ဆောင် ခရိုင်ဝန် အဖွဲ့တို့ထပ်မံပြီး အပြန်အလှန်ဆွေးနွေးတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်ဟု သတင်းများရရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ ကယားပြည်နယ်သာမက ကယားပြည်နယ်နှင့်ထိစပ် လျက်ရှိသော ရှမ်းပြည်နယ်၊ နေပြည်တော်၊ ကရင်ပြည်နယ်တို့ ကုန်သွယ်စီးဆင်းမှုဖွံ့ဖြိုးလာစေရန် အတွက် လည်းကောင်း၊ နိုင်ငံတော်၏ အခွန်ငေွပိုမိုကောက်ခံရရှိစေရန်အတွက်လည်းကောင်း၊ ခရီး သွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်း ပိုမိုပေးစွမ်းနိုင်ရန်အတွက်လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးတိုးတက်မှုကို အထောက် အကူပြုစေရန်အတွက်လည်းကောင်း၊ မယ်စဲ့ဝင်ပေါက် BP 13 မှ လွိုင်ကော်မြို့အထိ ပြည်ပခရီးသွား များအား ၂ ညအိပ် ၃ ရက် သို့မဟုတ် ၆ ညအိပ် ၇ ရက်ခန့် ဝင်/ထွက်သွားလာလည်ပတ်ခွင့်ကို အမြန် ဆုံးခွင့်ပြုပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။