(ဂ)-ကျောက်ကြီးမြို့နယ် ညောင်ပင်သာရွာမှ အရှေ့ဘက် ဒိုက်ပုံခေျာင်းကမ်းပါးအထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-31

 

ညောင်ပင်သာကျေးရွာတွင် အိမ်ခြေ ၁၀၀၀ နီးပါးရှိသည့် ကျေးရွာအုပ်စုကြီး တစ်ခုဖြစ်ပါကြောင်း၊ ကျေးရွာနေပြည်သူများသည် တောင်သူလယ်သမားများဖြစ်ကြပြီး လယ်ယာ၊ ကိုင်းကျွန်းလုပ်ကိုင် စားသောက်နေကြသူများဖြစ်ပါကြောင်း၊ ညောင်ပင်သာရွာနှင့် ဒိုက်ပုံချောင်းအကြား နုန်းတင်မြေနု ကွင်းများဖြစ်သဖြင့် စိုက်ပျိုးမြေ အလွန်ဖြစ်ထွန်းသောဒေသတစ်ခုလည်း ဖြစ်ပါကြောင်း၊ ဒိုက်ပုံကွင်းတွင် လယ်မြေဧက ၅၀၀ ခန့်ရှိပြီး နှစ်စဉ် ၎င်းစိုက်ကွင်းများမှ ပျမ်းမျှ စပါးအထွက်နှုန်း ၂၁၀၀၀ တင်းခန့်၊ မတ်ပဲ ၇၅၀၀ တင်းခန့် ထွက်ရှိပါကြောင်း၊ ညောင်ပင်သာရွာမှ ဒိုက်ပုံချောင်း ရောက်သည်အထိ လမ်းဟောင်းငယ်တစ်ခုရှိသော်လည်း လူ၊ လှည်း၊ ကျွဲ၊ နွား တို့သာ သွားလာနိုင်ပြီး ချိုင့်များ၊ ကမ်းမူများ၊ ရွှံ့ဗွက်များထူထပ်သော လမ်းသာဖြစ်ခဲ့ပါကြောင်း၊ ဒါကြောင့် တောင်သူ အများစု သည် လုပ်ငန်းခွင်နှင့်အဆင်‌ပြေစေရန်အတွက် တဲအစုများ စုပေါင်းနေထိုင်ရာမှ ယခုအခါ ရွာငယ်ကလေးများတောင် ဖြစ်နေပါကြောင်း၊ ငှက်ကြီးသိုက်အစုတွင် အိမ်ခြေ ၅၀ ခန့်၊ ဒိုက်ပုံအစုတွင် အိမ်ခြေ ၁၂၀ ခန့်ရှိပြီး မိမိတို့နှင့်သက်ဆိုင်ရာလုပ်ငန်းခွင်‌ကိုဆင်းပြီး စိုက်ပျိုး လုပ်ကိုင်လျက် ရှိပါကြောင်း၊

ယနေ့ခေတ်တွင် စက်များကိုအသုံးပြုပြီး လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမှသာ ထုတ်ကုန်များကို အလွယ်တကူသယ်ယူပို့ဆောင် နိုင်ပြီး ဈေးကောင်းလည်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ညောင်ပင်သာရွာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် ညောင်ပင်သာ-ဒိုက်ပုံ ကုန်ထုတ်‌ကျောက်ချောခင်းလမ်းကို ဖောက်လုပ်ပေး နိုင်ရန် တင်ပြလာပါသဖြင့် ကိုယ်တိုင်ကွင်းဆင်းတိုင်းထွာ တွက်ချက်ခဲ့ပါကြောင်း၊ ညောင်ပင်သာမှ ဒိုက်ပုံ ချောင်းကမ်းပါးအထိ အလျားပေ ၁၂၅၀၀ ရှိပြီး အကျယ်မှာ (၉ ပေ x ၁၂ ပေ x ၁၆ ပေ)အစရှိသဖြင့် လမ်း၏ဝဲ/ယာဖြစ်နေသဖြင့် လမ်းဝဲ/ယာတောင်သူများနှင့်ညှိနှိုင်းပြီး အကျယ် ၁၈ ပေသတ်မှတ်ပြီး လက်မှတ်ရေးထိုးလှူဒါန်းခြင်းကိုဆောင်ရွက်ခဲ့ရာ အားလုံးကလည်း သဘောတူ လှူဒါန်းကြပါကြောင်း၊

ညောင်ပင်သာရွာမှ ဒိုက်ပုံကုန်ထုတ်ကျောက်ချောလမ်း ပြုလုပ်ပေးမည် ဆိုပါက ညောင်ပင်သာ ကျေးရွာအုပ်စုနှင့် အနီးအနားရှိလူဦးရေ ၂၅၀၀ ခန့်အား လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာမည် သည့်အတွက် ကျောက်ကြီး မြို့နယ်၊ ညောင်ပင်သာရွာမှ အရှေ့ဘက် ဒိုက်ပုံချောင်းကမ်းပါးအထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်ကျောက်ချောလမ်းခင်း ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလို ကြောင်းမေးမြန်းပါသည်။