(ဃ)-စေတုတ္တရာမြို့နှင့် အောက်ဘက်ကျေးရွာများအတွက် မုန်းတမံအရန်ရေပိုလွှဲ အား အမြန်ပြီးစီးအောင်တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
မုန်းတမံတွင် ပင်မရေပိုလွှဲသည်အကျယ် ၃၅၀ ပေရှိပြီး ရေပိုလွှဲသုံးဆင့်ရှိကာ RL ၅၂၀ ကျော်သည်နှင့် ရေပိုလွှဲက ရေကျော်ကျပါကြောင်း၊ ၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်းတွင် ရေပိုလွှဲအထက် ၂၀.၃ ပေရေကျော်ပါကြောင်း၊ ၂၀၁၁ ခုနှစ် R2B မုန်တိုင်းတွင် ၁၆.၃ ပေရေကျော်ပြီး ၂၀၁၅ ခုနှစ်ကူမံမုန်တိုင်းတွင် ရေပိုလွှဲအထက် ၃၅.၈ ပေရေကျော်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင်တမံအမြင့် ၅၆၀ ပေတွင် Level ၅၅၅.၈ ပေရှိပြီး တမံရေကျော်ရန် လေးပေခန့်သာလိုပါတော့ကြောင်း၊ ဧကပေ ခြောက်သိန်းသိုလှောင်နိုင်သော မုန်းတမံထဲကို ဧကပေ ၁၁၂၉၄၉၀ စီးဝင်ပြီး ဒီဇိုင်း ၁၄၉၁၃၀ ကုဗပေ စက္ကန့်ခံနိုင်သော ပင်မရေပိုလွှဲသည် ၂၃၀၂၄၀ ကျော်ကုဗပေစက္ကန့်နှုန်းဖြင့် ရေပိုလွှဲအထက်က ၃၅.၈ ပေကျော်ကျသည့် အတွက်ရေပိုလွှဲကြီး ပျက်စီးခဲ့ရပါကြောင်း၊ အကယ်၍သာတမံကြီး တစ်စုံတစ်ရာဖြစ်ခဲ့ပါက အောက်ဘက် စေတုတ္တရာမြို့နေ ပြည်သူများ၏ဘဝသည် မတွေးရဲစရာဖြစ်ပါကြောင်း၊ ပင်မ ရေပိုလွှဲနေရာသည်ကျောက်ဆောင် ကျောက်သားခိုင်မာသည့်နေရာလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်တမံကြီး အန္တရာယ်မဖြစ်ရန် အောက်ဘက် ပြည်သူများအန္တရာယ်ကင်းရန်အတွက် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အကူရေပို လွှဲကိုစတင်တည်ဆောက်ခဲ့ပါကြောင်း၊ အကူရေပိုလွှဲတည် ဆောက်ခဲ့သော အောက်ခံမြေသားသည် သာမန်ကျစ်မြေသားဖြစ်ခြင်း၊ အကူရေပိုလွှဲ ထွက်ပေါက် သည် စေတုတ္တရာမြို့ကိုဦးတည်နေခြင်းစသည့် အကြောင်းများကြောင့် ဒေသခံများစိုးရိမ်တကြီး ကန့်ကွက်ခဲ့ကြပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အကူရေပိုလွှဲကိုစတင်တည်ဆောက်ခဲ့ပြီး တည် ဆောက်ချိန်သုံးနှစ်ရှိသော်လည်း လုပ်ငန်း၏ ၁၂.၇ ရာခိုင်နှုန်းခန့်သာ ယခုအချိန်ထိ ပြီးစီးသေးပါကြောင်း၊
အရန် ရေပိုလွှဲမပြီးစီးသေးသည့်အခြေအနေတွင် မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန် ရေကြီးရေလျှံခြင်းများဖြစ်ပြီး အရန်ရေပိုလွှဲက ရေကျော်ကျပါက အောက်ဘက် စေတုတ္တရာ ပြည်သူများအတွက် အန္တရာယ်ကြီးမားလှပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့အတွက် တစ်နှစ်ပတ်လုံး ရေအားလျှပ်စစ်ထုတ်လုပ်ပေးနေပြီး အောက်ဘက်ကြီးအုံကြီးဝတမံနှင့် ပွင့်ဖြူမြို့နယ်လယ်ယာ မြေများ ကို နွေအခါရေပေးဝေရန် အကျိုးများလှသော မုန်းတမံအတွက် အရေးကြီးလှသော အရန်ရေပိုလွှဲတည်ဆောက်မှုကို အမြန်ပြီးစီးအောင်တည်ဆောက်ပေးရန် အရေးတကြီးလိုအပ် နေသည့်အတွက် စေတုတ္တရာမြို့၏ အောက်ဘက် ကျေးရွာများအတွက် အန္တရာယ်ကင်းဝေးရန် တည်ဆောက်ချိန်သုံးနှစ်ရှိပြီဖြစ်ပြီး ပြီးစီးမှုမရှိသေးသည့် မုန်းတမံအကူရေပိုလွှဲအား အမြန်ပြီးစီး အောင် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။