(င)-တွန်းဇံမြို့တွင် ပိုးမွေးမြူရေးလုပ်ငန်းပြန်လည်လုပ်ကိုင်နိုင်ရန် လိုအပ်သည့်အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်များကူညီပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

၁၉၇၀ ခုနှစ်မှစ၍ တွန်းဇံမြို့တွင် ပိုးမွေးမြူးရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြရာ ၁၉၇၉ ခုနှစ်၊ ၁၉၈၀ ခုနှစ်တွင် တောင်သူဦးရေ ၄၆၉ ဦးမှ ပိုးစာပင်စိုက်ဧက ၇၅၃ ဧကနှင့် ပိုးမျှင်ပိုးချည် ထုတ်လုပ်မှု ၆၀၅၅၀ ပေါင် အထိ ကျယ်ပြန့်စွာ တိုးချဲ့ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊  သို့သော် ၁၉၈၁-၁၉၈၂ ခုနှစ် နောက်ပိုင်း ထုတ်လုပ်မှုအရှိန်အဟုန်က တဖြည်းဖြည်းကျဆင်းလာပြီး ၂၀၁၀-၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပိုးမွေးမြူရေးလုပ်ငန်းကို မည်သူမျှ လုပ်ကိုင်ခြင်း မရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊ ဤကဲ့သို့ ပိုးမေွးမြူခြင်းလုပ်ငန်းကျဆင်းရခြင်းသည် အစိုးရ၏ကူညီပံ့ပိုးမှု လျော့နည်းခြင်း၊ မျိုးကောင်းမျိုးသန့်မရရှိနိုင်ခြင်းနှင့် ဈေးကွက်တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေးအခက်အခဲများဖြေရှင်းပေးနိုင်ရန် အတွက် အလုပ်အကိုင်ရရှိရန် အထူးလိုအပ်နေပါကြောင်း၊ ယခင် ပိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသော ကျေးလက်နေပြည်သူများသည် စားဝတ်နေရေးအတွက် အတိုင်းအတာ တစ်ခုအထိ အဆင်ပြေကြပါကြောင်း၊  သို့ဖြစ်ပါ၍ ယခင်ကကဲ့သို့ ပျိုးမွေးမြူရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် အစိုးရ အနေဖြင့် မည်ကဲ့သို့ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။