(စ)- မုန်းရေ အားလျှပ်စစ် စက်ရုံနှင့် ကြီးအုံကြီးဝ ရေအားလျှပ်စစ် စက်ရုံများမှ ရေအားနည်း၍ သော်လည်းကောင်း၊ စက်ပစ္စည်းများ ချို့ယွင်းပျက်စီး၍သော်လည်းကောင်း မလည်ပတ်နိုင်သည့်အခါ မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
(စ)-ပွင့်ဖြူမြို့နယ်၊ မုန်းရေ အားလျှပ်စစ် စက်ရုံနှင့် ကြီးအုံကြီးဝ ရေအားလျှပ်စစ် စက်ရုံများမှ ရေအားနည်း၍ သော်လည်းကောင်း၊ စက်ပစ္စည်းများ ချို့ယွင်းပျက်စီး၍သော်လည်းကောင်း မလည်ပတ်နိုင်သည့် အခါ စိုက်ပျိုးရေ ရရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်း ပြုရသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ထို့အတူ မိမိ မဲဆန္ဒနယ် ပွင့်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားပြီး လုပ်ကိုင်စားသောက်ကြရကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးသည့် နေရာတွင် ဆည်ရေကိုသာ အားကိုးအားထားပြုပြီး စပါး၊ ပဲ၊ နှမ်း၊ ပြောင်းစသည်တို့ကို စိုက်ပျိုးလုပ်ကိုင်ကြခြင်း ဖြစ်ကြောင်း၊ အင်္ဂလိပ် အစိုးရလက်ထက် ၁၉၀၃ ခုနှစ်ကတည်းက မုန်းချောင်းပေါ်တွင် မဲဇလီ ရေလွှဲဆည်ကို တည်ဆောက်ခဲ့ပြီး ပွင့်ဖြူမြို့နယ်၊ မင်းဘူးစကုမြို့နယ်၊ စလင်းမြို့နယ်အတွင်းရှိ နယ်မြေဧက ၁၂၀၀၀၀ ပတ်ဝန်းကျင်ကို မိုးစပါးစိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း၊
၁၉၉၆ ခုနှစ်မှစ၍ မုန်းချောင်းပေါ်တွင် မုန်းတမံကို တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ မုန်းတမံ၏ အဓိက ရည်ရွယ်ချက်သည် စိုက်ပျိုးရေ ရရှိရေးသည် ပထမ၊ လျှပ်စစ် ထုတ်လုပ်ရေးသည် ဒုတိယ ဖြစ်ကြောင်း၊ ထိုအချိန်မှစပြီး မိုးစပါးဧက တစ်သိန်းကျော်၊ နွေစပါး ဧက လေးသောင်းကျော်ကို စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း၊ ထို့အတူ မုန်းတမံအောက် မိုင် ၂၀ ခန့် အကွာတွင် မုန်းချောင်းပေါ်တွင် ကြီးအုံကြီးဝ တမံကို ၂၀၀၃ ခုနှစ်တွင် ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ၎င်းတမံမှ ရေကို ထိန်းညှိပြီး မဲဇလီ ရေလွှဲဆည်ကို စိုက်ပျိုးရေ ပေးဝေနိုင်စေရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ နှစ်စဉ်စိုက်ပျိုးရေကို လုံလောက်စေရန် ထိန်းညှိပေးနိုင်ခဲ့ သော်လည်း ၂၀၁၉ ခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင် ရာသီဥတု ပြောင်းလဲပြီး နွေရာသီတွင် အပူချိန်များ သိသိသာသာ မြင့်တက်ခဲ့ပြီး ဆည်ရေများ လျော့နည်း ခန်းခြောက်လာခဲ့ကြောင်း၊ ထိုကဲ့သို့ လျော့နည်း ခန်းခြောက်လာသည့်အတွက် စက်ရုံမှ လျှပ်စစ်ကို ပုံမှန် မထုတ်လုပ်၊ မလည်ပတ်နိုင်သဖြင့် လယ်သမားများ စိုက်ပျိုးရေ အခက်အခဲ ကြုံတွေ့လာခဲ့ရကြောင်း၊ ပိုဆိုးသည့်အချက်သည် ရိတ်သိမ်းခါနီး အောင်ရေတွင် ရေပြတ်လပ်မှုများဖြစ်ပြီး လယ်သမားများ များစွာ ဆုံးရှုံးနစ်နာ ခဲ့ရကြောင်း၊
၁၉၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် မုန်းတမံသည် လျှပ်စစ်မဂ္ဂါဝပ် ၇၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ ကြောင်း၊ မုန်းတမံအောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ဆောက်ထားသည့် ကြီးအုံကြီးဝတမံသည် လျှပ်စစ်မဂ္ဂါဝပ် ၇၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် မဲဇာလီရေလွှဲဆည်သည် ကြီးအုံကြီးဝ တမံအောက်ဘက် ခုနစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး တောင်မုန်း၊ မြောက်မုန်းဖြင့် ရေများ ခွဲဝေပေးဝေခဲ့ပြီး စိုက်ပျိုးဧက တစ်သိန်းကျော်ကို ရေ ပေးဝေနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မေလ၊ ဇွန်လတို့တွင် ရေခန်းခြောက်နေကြောင်း၊ ကြီးအုံကြီးဝတမံတွင် ရေခန်းခြောက်နေကြောင်း၊ ဒေသခံ တောင်သူလယ်သမားများကို စနစ်တကျ ရေခွဲဝေ အသုံးပြုနိုင်ရန် အသိပေးသည့် အကြောင်းကြားစာ ထုတ်ခဲ့ကြောင်း၊ လျှပ်စစ် ဝန်ကြီးဌာနမှ ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲရေး ဦးစီးဌာနကို စာဖြင့် တင်ပြခဲ့ကြောင်း၊ နောက်ဆုံး စိုက်ပျိုးရေပြွန်မှ Irrigation Outlet မှ ထုတ်လွှင့်သည့် ရက်စွဲနှင့် ရေပေးဝေသည့် စာများ ရှိကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူ လယ်သမားများ၏ စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် အဆင်ပြေစေရန် စိုက်ပျိုး သီးနှံများ အလေအလွင့် မရှိစေရန်၊ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရန် တိုင်းပြည် ဘဏ္ဍာငွေများ လျော့နည်းမှု ကျဆင်းကာကွယ်ရန်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမဲဆန္ဒနယ် မုန်းချောင်းပေါ်ရှိ ဓာတ်အားပေးစက်ရုံများဖြစ်သည့် မုန်းရေအားလျှပ်စစ်စက်ရုံနှင့် ကြီးအုံကြီးဝ ရေအားလျှပ်စစ် စက်ရုံများမှ ရေအားနည်း၍သော်လည်းကောင်း၊ စက်ပစ္စည်းများ ချို့ယွင်းပျက်စီး၍ သော်လည်းကောင်း မလည်ပတ်နိုင်သည့်အခါ စိုက်ပျိုးရေရရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။