(ဆ)-မုံရွာမြို့အောက်ဘက်ရှိ ပေါက်ကပင်ရွာချောင်းအား ပိတ်လိုက်သဖြင့် ချင်းတွင်းမြစ်ရေ လျှံတက်မှု မရှိတော့သောကြောင့် လယ်ယာမြေများနှင့် သဘာဝအရင်းအမြစ်များ ပျက်စီး နေမှုများကို ထိန်းသိမ်း ကာကွယ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ပေါက်ပင်ရွာချောင်း၏ ဝဲဘက်၊ ယာဘက်ရှိ လယ်မြေများဟာ ၂၀၀၂ခုနှစ်မတိုင်မီက ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မြေဆီ၊ မြေလွှာ၊ မြေသြဇာကောင်းမွန်ပြီး စပါးအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းခဲ့ကြသည့်အပြင် မြစ်ရေနှင့်အတူ ငါး၊ ပုစွန်တို့ပါလာပြီး ဒေသကို ဆူဖြိုးစေခဲ့ပါကြောင်း၊ ပေါက်အင်း ရေနက် ကွင်း စိုက်ပျိုးမြေဖော်ထုတ်ရေးစီမံကိန်းကြောင့် ပေါက်ပင်ချောင်းအားပိတ်၍ ရေတံခါး ငါးပေါက်တွဲတစ်ခုကိုလည်းကောင်း၊ ကြာပိုင်ရွာနှင့် တောင်ပုံရွာကြားတွင် ၁၀ ပေါက်တွဲ ရေတံခါးတစ်ခုကိုလည်းကောင်း တည်ဆောက်ခဲ့ကြသည့်အတွက် ၂၀၀၂ ခုနှစ် နောက်ပိုင်း တွင် ယခင်မြစ်ရေဝင်ဒေသမှာ မြစ်ရေရရှိခြင်းမရှိနိုင်ဘဲ ယခုအချိနတွင် စပါးစိုက်ပျိုးရန် အခက်အခဲရှိလာပါကြောင်း၊ မြေဆီ မြေသြဇာခန်းခြောက်၍ စိုက်ပျိုးစရိတ်အပိုသွင်းအားစု ဓာတ်မြေသြဇာများကို သုံးလာကြရပြီး စိုက်ပျိုးရေအတွက်လည်း မြေအောက်ရေကို တွင်းတူး၍ သုံးကြရပါကြောင်း၊ မြေအောက်ရေသည် ရေငန်များဖြစ်၍ ဆားပေါက်မြေများ ဖြစ်ပြီး စပါးအစား အခြားသီးနှံများ ပြောင်းလဲ၍သာ စိုက်ပျိုး၍ ရနိုင်ပါကြောင်း၊ ငါး၊ ပုစွန်လည်း ယခင်ကဲ့သို့ ပေါများခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ပေါက်အင်း ရေနက်ကွင်းစိုက်ပျိုးမြေဖော်ထုတ်နိုင်ရုံမက ဒေသခံတောင်သူလယ်သမားများ၏ မြေဧက ငါးသောင်း ကျော်ပါ မြစ်ရေဝင်၍ အကျိုးရှိစေရန် ငါး၊ ဖား၊ ပုစွန် စသည့် ရေသယံဇာတများ ပေါများစွာရရှိစေရန်၊ မြေအောက်ရေငန်များကြောင့် ဆားပေါက်မြေဖြစ်၍ သီးနှံအထွက်နှုန်း ကျဆင်းခြင်းမှကာကွယ်ရန်၊ ချောင်းအတွင်း ရေဆိုး၊ ရေညစ်များ စီးဆင်းဝင်ရောက်ခြင်းမှ ကာကွယ်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပေါက်ပင်ချောင်း ချောင်းဖော်ဆယ် တင်ခြင်း၊ ရေဝင်ပေါက်ငယ်များအပါအဝင် ငါးပေါက်တွဲ၊ ၁၀ ပေါက်တွဲရေတံခါးများကို လိုအပ်သလို အနီးကပ်အဖွင့်အပိတ် ပြုလုပ်ပေးခြင်း၊ အခြားနည်းပညာဖြင့် မြစ်ရေပိုမို ဝင်ရောက်ရန် ပြုလုပ်ခြင်းတို့ဖြင့် လယ်ယာမြေနှင့် သဘာဝအရင်း အမြစ်များ ပျက်စီးခြင်းမှ ထိန်းသိမ်းကာကွယ်ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။