(ခ)-မိုင်းယောင်း၊မိုင်းဖြတ်၊မိုင်းတုံ၊မိုင်းပျဉ်း၊မက်မန်း၊ မိုင်းယန်း၊ မိုင်းခတ် စသည့်မြို့ (၇) မြို့တို့၏ ညစဉ် မီးပေးနာရီကို(၄)နာရီသို့တိုးမြှင့်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးစိုင်းထွန်းအောင်ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဒီဇယ်တစ်ဂါလန်ဈေးနှုန်းမှာ ကျပ် ၄၀၀၀ ခန့်ရှိ သော် လည်း ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဒီဇယ်တစ်ဂါလန်ဈေးနှုန်း ၂၀၀၀ အထိ လျော့ကြ လာပြီဖြစ်ကြောင်းကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်မှူးထံမှ စုံစမ်း သိရှိရပါကြောင်း၊ လောင်စာဆီဈေးနှုန်းကျဆင်းလာသည်‌့ အချက်တစ်ခုတည်းပင်လျှင် ယခင်နှစ် လောင်စာဆီအတွက် ခွဲဝေချထားငွေအတိုင်း ရန်ပုံငွေခွဲဝေချထားပေးပါက မီးပေးချိန် ၂ နာရီခွဲ၏ နှစ်ဆဖြစ်သော ၅ နာရီအထိ တိုးမြှင့်ပေးနိုင်ခြင်းရှိသည်ဟု သုံးသပ်ရပါကြောင်း၊  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်ရှိ တစ်ခြားမြို့နယ်များတွင် မဟာဓာတ်အားလိုင်း မီးသွယ်တန်း ဖြန့်ဖြူးလျက်ရှိသည်ကို  စုံစမ်းသိရှိရပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွက် ခွဲဝေသုံးစွဲသော ဒီဇယ်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဖော်ပြပါမြို့နယ်များသို့ ခွဲဝေပေးနိုင် ပါမည်ဟု မျှော်လင့်ကြပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မက်မန်း၊ မိုင်းယန်း၊ မိုင်းခတ်စတဲ့မြို့ခုနှစ်မြို့ကို မီးပေးချိန် ၂ နာရီခွဲမှ ၄ နာရီအထိ တိုးမြှင့်ပေးရေး အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။