(က)-တန့်ယန်းမြို့နယ်အတွင်းရှိမိုင်းပတ်ကျေးရွာနှင့် မိုင်းကောင်ကျေးရွာတို့အားလျှပ်စစ်မီးဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
တန့်ယန်းမြို့နယ်အတွင်းရှိ မိုင်းပတ်ကျေးရွာ အုပ်စုသည် ရွာပေါင်း ၁၃ ရွာ၊ အိမ်ခြေပေါင်း ၉၆၁ အိမ် နေထိုင်လျက်ရှိပါကြောင်း၊တန့်ယန်းဓာတ်အားခွဲရုံမှ စတင်စိုက်ထူခဲ့သော ဓာတ်တိုင်သည် မိုင်းပတ်ကျေးရွာထပ်ရှိ အမှတ် (၁၃၆) ခြေလျင်တပ်ရင်း သို့ ရောက် ရှိသွယ်တန်း ထားပြီးဖြစ်သော်လည်း ကျေးရွာအတွင်းသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးထားခြင်းမရှိပါကြောင်း၊ ကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ကော်မတီလည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊
ထို့ပြင် တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၆ ခုနှင့် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်ရှိပြီး အမှတ် (၃၃) ခြေလျင်တပ်ရင်းနှင့် တိုက်နယ်ဆေးရုံတစ်ခု၊ အစိုးရအထက်တန်းကျောင်း တစ်ကျောင်း ရှိပါကြောင်း၊ ၎င်းကျေးရွာတွင်လည်း လျှပ်စစ် မီးဖြန့်ဖြူး ပေးထားခြင်းမရှိသဖြင့် ဆောင်ရွက်ပေးပါရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျေးရွာလူထု တွေ့ဆုံပွဲတွင် ကျေးရွာလူထုမဲဆန္ဒရှင်များမှ တင်ပြကြပါကြောင်း၊လျှပ်စစ်မီးသုံးစွဲခွင့်ရမှသာလျှင် စီးပွားရေး၊လူမှုရေး တိုးတက်မြင့်မားပြီး ထင်း အသုံးပြုခြင်းကြောင့် သစ်တောပြုန်းတီး၍ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ် ပါကြောင်း၊သို့ဖြစ်ပါ၍ တန့်ယန်းမြို့နယ်အတွင်းရှိ မိုင်းပတ်ကျေးရွာနှင့် မိုင်းကောင်ကျေးရွာတို့အား လျှပ်စစ် မီးဖြန့်ဖြူးပေးနိုင်ရေး ဆောင် ရွက်ပေးနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိသေးပါက မည်သည့် ခုနှစ်တွင် စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။