(စ)-ကျောက်ဖြူမြို့နယ်၊ ပင်လယ်နား ကျေးရွာရှိ ကွင်းအမှတ် (၆၆၀)ကြွင်းချိန် အနောက်၊ ဦးပိုင် အမှတ်(၂၇၃)ရှိ ၁.၉၀ ဧက မြေပေါ်တွင် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေသည်နှင့် စပ်လျဉ်း၍ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

(စ)-ကျောက်ဖြူမြို့နယ်၊ ပင်လယ်နား ကျေးရွာရှိ ကွင်းအမှတ် (၆၆၀)ကြွင်းချိန် အနောက်၊ ဦးပိုင် အမှတ်(၂၇၃)ရှိ ၁.၉၀ ဧက မြေပေါ်တွင် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေသည်ကို တွေ့ရှိရာအဆိုပါစက်ရုံနှင့်စပ်လျဉ်း၍သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ယနေ့ မိမိမေးမြန်းမည့် မေးခွန်းသည် ဝန်ကြီးဌာန တော်တော်များများနှင့် ပတ်သက် နေကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့စသည့် ဝန်ကြီး ဌာနများနှင့် သက်ဆိုင်ကြောင်း၊ မိမိတို့ ကျောက်ဖြူမြို့နယ်၊ ကင်းမြောက် ကျေးရွာအုပ်စု၊ ပင်လယ်နား ကျေးရွာအနီးတွင် တရုတ်လူမျိုး မစ္စတာ လျူချီ ဆိုသည့် လူသည် တိရစ္ဆာန် အစားအစား စက်ရုံတစ်ခု တည်ဆောက်နေကြောင်း၊ မိမိမေးသည့် မေးခွန်းတွင် အပိုင်း ငါးပိုင်း ပါဝင်ကြောင်း၊ မစ္စတာ လျူချီ တည်ဆောက်ထားသည့် စက်ရုံကို ကင်းမြစ်ကမ်းခြေမှ မျက်နှာစာမြင်ကွင်းမှ မြင်ရသည့် အနေအထား ဖြစ်ကြောင်း၊ စက်ရုံ ရှေ့မျက်နှာစာရှိ ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး စက်ရုံအတွက် အသုံးပြုထားကြောင်းနှင့် စက်ရုံသုံး ဆိပ်ခံတံတား နှစ်စင်း တည်ဆောက်ထားကြောင်း၊။ ကင်းမြစ်အတွင်းက ကြည့်မည်ဆိုပါက စက်ရုံတွင်သုံးမည့် ကျောက်မီးသွေး ပုံကြီးတစ်ခုကို တွေ့ရကြောင်း၊ စက်ရုံ တည်ဆောက် ထားသည့် နေရာကို ကောင်းကင် ဓာတ်ပုံ၊ ကင်းမြစ် ကမ်းခြေမြောက်ဘက်တွင် ရှိသည့် စက်ရုံတည်ရှိသည့် နေရာနှင့် ကင်းမြစ် စီးဝင်နေသည့် ဘင်္ဂလား ပင်လယ်အော်နှင့် ကင်းမြစ် ကမ်းခြေအနေအထားတို့အတွက် ပုံများ ရှိကြောင်း၊ ကင်းမြစ်၏ အနောက်ဘက်ခြမ်းသည် ကျောက်ဖြူ မြို့နယ်ဖြစ်ပြီး ကင်းမြစ်၏ တောင်ဘက်ခြမ်းသည် ရမ်းဗြဲဲမြို့နယ်ဘက်ခြမ်း ဖြစ်ကြောင်း၊ စက်ရုံ တည်ဆောက်ထားသည့် နေရာနှင့် ဒေသခံများ ရှိနေသည့် ကျေးရွာများ ဆက်စပ်နေကြောင်း၊ စက်ရုံ တည်ဆောက်ထားသည့် နေရာသည် ရေလုပ်သားများသည် ကင်းမြစ်ဝမှ ထွက်ပြီး‌ ဘင်္ဂလားပင်လယ်တွင် ငါးဖမ်းကြကြောင်း၊ ၎င်းကရသည့် ကုန်ကြမ်း များကို အသုံးပြုပြီး ၎င်းစက်ရုံတွင် တိရစ္ဆာန် အစားအစား ထုတ်လုပ်မည် ဖြစ်ကြောင်း၊ စက်ရုံမှ ရလာသည့် ရှိသည့်အတွက် အလုပ်အကိုင် အခွင့်အရေးများ ရလာနိုင်သည်ဟု အကောင်းမြင်၍ ရနိုင်သော်လည်း ၎င်းစက်ရုံသည် ကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း တည်ဆောက်ထားသည့်အတွက် ၎င်းစက်ရုံနှင့်ပတ်သက်သည့် ဆိုးကျိုး သက်ရောက်မှု များလည်း ရှိလာနိုင်ကြောင်း၊

စက်ရုံတည်ဆောက်ခြင်းသည် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း၊ စက်ရုံ သူဌေးသည် ဒေသခံများ၏ အကျိုးကို အလကား လာလုပ်ပေးခြင်း မဟုတ်ကြောင်း၊ ၎င်း၏ အကျိုးစီးပွား အတွက် လာလုပ်နေခြင်း  ဖြစ်ကြောင်း၊ ဒေသခံများသည် မြေရောင်းသည့်အချိန်တွင် အချင်းချင်းရောင်းပါက ရနိုင်သည့် ဈေးနှုန်းထက်ပိုပြီး အကျိုးအမြတ် ရနိုင်သည် မည်ဖြစ်ကြောင်း၊စက်ရုံ ပေါ်လာသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရလာမည်ဟု မျှော်လင့်နိုင်ပါကြောင်း၊ သို့သော် ကျောက်မီးသွေး လောင်စာကြောင့် ထိခိုက်မှုများ၊ စက်ရုံက စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးပါက စက်ရုံရှေ့တွင် ဒီရေတောများကို ခုတ်ထွင် ရှင်းလင်းပြီး အသုံးပြုထားသည့် ကိစ္စ  အပါအဝင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများကြောင့် ဒေသခံ ပြည်သူများ၏ ထိခိုက် နစ်နာမှုများကို ၎င်းတို့သည် သတိထားနိုင်ကြမည် မဟုတ်ကြောင်း၊ သတိထားနိုင်သည့် အရည်အချင်းများလည်း ၎င်းတို့တွင် မရှိကြကြောင်း၊ ကျေးလက်နေ တောသူတောင်သား များ ဖြစ်ကြကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် စီမံခန့်ခွဲရေး လုပ်ပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်၊ ဌာနအသီးသီးက ၎င်းအန္တရာယ်များကို ကာကွယ်ပေးကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူမြို့နယ်၊ ပင်လယ်နား ကျေးရွာရှိ ကွင်းအမှတ် (၆၆၀)ကြွင်းချိန် အနောက်၊ ဦးပိုင် အမှတ်(၂၇၃)ရှိ ၁.၉၀ ဧက မြေပေါ်တွင် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေသည်ကို တွေ့ရှိရာ အဆိုပါစက်ရုံနှင့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။