(ခ)-မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံ ဝ(လွယ်လ)၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ၏ ပညာရေး တိုးတက် ဖွံ့ဖြိုးလာစေရန် နိုင်ငံတော်မှ လူငယ်သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

မက်မန်းမြို့နယ်တွင် လွယ်လ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ အများစုနေထိုင်ကြပြီး တောနှင့် တောင်တန်းများထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဒေသခံ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့သည် နိမ့်ကျလျက် ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် မက်မန်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းကိုသာ အားကိုးပြီး သင်ကြားနေလျက်ရှိရာ ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြ သူများဖြစ်သဖြင့် မြို့ပေါ်လာရောက်ပြီးပညာသင်ကြားနိုင်ရန် အစစအရာရာ အခက်အခဲ များရှိခြင်းကြောင့် အခြေခံပညာအဆင့်တွင် ကျောင်းထွက်ပြီးတောင်ယာလုပ်ငန်း လုပ်ကိုင် နေသူများ  များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ မြို့နယ်အတွင်း တိုင်းရင်းသားများ၏ ပညာရေးတိုးတက်အောင်မြင်စေရေးအတွက် မက်မန်းမြို့ပေါ်ရှိပညာဒီပ ဘုန်းတော်ကြီး ကျောင်း သာသနာပြုဆရာတော်ဘဒ္ဒန္တစန္ဒသီရိ ဟာဆိုရင်ကျေးရွာများမှ ဆင်းရဲနွမ်းပါးသည့်  ဝ၊ ရှမ်း၊ လားဟူ ကျောင်းသား ၁၀၃ ဦး၊ ကျောင်းသူ ၅၄ ဦးတို့အား ဘုန်းတော်ကြီး ကျောင်းတွင် အဆောင်များစီစဉ်၍ စားသောက်နေထိုင်ရေးတို့ကို တာဝန်ယူပညာ သင်ကြားပေးလျက်ရှိပြီး လစဉ်ဒေသခံနှင့်ဌာန ဆိုင်ရာများ၏ ပံ့ပိုးငွေများထောက်ပံ့မှုများဖြင့် ပညာသင်ကြားနေသည်ကိုလည်း တွေ့ရှိရသကဲ့သို့ အချို့ဆင်းရဲနွမ်းပါးသည့် ကျောင်းသား ၄၀ ကျော်နှင့် ကျောင်းသူ ၂၀ ကျော်တို့သည်လည်း ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ တည်ဆောက်ပေးထားသည့်  အဆောင်နှစ်ဆောင်တွင် နေထိုင်ပြီးပညာသင်ကြားနေရသည် ကိုလည်း တင်ပြလိုပါကြောင်း၊ ကျောင်းသူကျောင်းသား ၆၀ ကျော်တို့ကိုလည်း စစ်ဘက်၊ အရပ်ဘက် ဌာနဆိုင်ရာများ၏ လစဉ် ဆန်၊ ဆီ ပံ့ပိုးမှုများနှင့် ပညာသင်ကြားနိုင်ရေးကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အထက်ဖော်ပြပါအခက်အခဲများကို ရေရှည်တွင် ကျောင်းသားကျောင်းသူများပြားလာနိုင်ခြင်း၊ လက်ရှိတာဝန်ယူပညာသင်ကြားပေးနေသည့် ဆရာတော်နှင့် ဌာနဆိုင်ရာများမှာ ဝန်ထုပ်ဝန်ပိုး များဖြစ်လာပါက ဆင်းရဲနွမ်းပါးသည့် ဒေသခံတိုင်းရင်းသားများ၏ ပညာရေးသည် ခက်ခဲမှုများဖြစ်ပေါ်လာနိုင်တာကိုလည်း တင်ပြလိုပါကြောင်း၊

သို့ဖြစ်ပါ၍ မက်မန်းခရိုင် မက်မန်းမြို့နယ်အတွင်း ဆင်းရဲနွမ်းပါးသည့် ဒေသခံတိုင်းရင်း သားများ၏  ပညာရေးတိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် နိုင်ငံတော်မှ လူငယ်သင်တန်း ကျောင်းတစ်ကျောင်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ပါက ဆင်းရဲနွမ်းပါးသည့် ဒေသခံ တိုင်းရင်း သားများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊

၎င်းကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်မည့် မြေငါးဧကကိုလည်း လျာထားပြီး ဖြစ်ခြင်းကြောင့် မက်မန်းခရိုင် မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံ ဝ၊ လွယ်လ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ၏ ပညာရေးတိုးတက်ဖွံ့ဖြိုးလာစေရန် နိုင်ငံတော်မှ လူငယ်သင်တန်း ကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်  ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပြီး အစီအစဉ်မရှိပါကလည်း မည်သည့် အတွက်ကြောင့် မရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။