(ဂ)-ရွာငံမြို့နယ်၊ လင်းဝေးကျေးရွာနှင့် သိမ်ကုန်းကျေးရွာချင်းဆက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ လင်းဝေးကျေးရွာ အုပ်စုသည် ကျေးရွာငါးရွာဖြင့် ဖွဲ့စည်းထားပြီး အိမ်ထောင်စုပေါင်း ၅၃၉ စု၊ လူဦးရေပေါင်း ၂၆၂၈ ဦးရှိပါကြောင်း၊ ရွာငံမြို့နှင့် ၁၃ မိုင်ကွာဝေးပြီး တောင်ပေါ်ဒေသဖြစ်သည့်အတွက် မိုးတွင်းကာလများတွင် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအင်မတန်ခက်ခဲပါကြောင်း၊ ရွာငံမြို့၏မြောက်ဘက် ခြမ်းတွင် ကျေးရွာချင်းဆက်လမ်းများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ (နတလ)ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရပါကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ရွာငံ၊ ပင်းတယ နှစ်မြို့ရှိပါကြောင်း၊ (နတလ)ဘတ်ဂျက်များ မှန်မှန် ကန်ကန် မျှမျှတတခွဲဝေရန်လိုပါကြောင်း၊ မမျှမတသည့်ဘတ်ဂျက်များ တွေ့ရှိနေရပါကြောင်း၊
မိမိတို့တောင်ပေါ်ဒေသများ၏ကျေးရွာများတွင် ဖွံ့ဖြိုးတိုးတက်ရန်လမ်းပန်း ဆက်သွယ်ရေးက အင်မတန်အရေးကြီးသည့်အတွက် (နတလ) ဘတ်ဂျက် များကို မှန်မှန်ကန်ကန်မျှမျှတတဆောင်ရွက်ပေးရန် တင်ပြလိုပါကြောင်း၊ လင်းဝေး-သိမ်ကုန်းကျေးရွာချင်းဆက်လမ်းသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် မြေသားလမ်းအဖြစ်ဖောက်လုပ်ထားပြီး ယနေ့အချိန်ထိအဆင့်မြှင့်တင် နိုင်ခြင်းမရှိသေးပါကြောင်း၊ ဒေသခံပြည်သူများအတွက် သွားရေးလာရေး အင်မတန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းကိုအဆင့်မြှင့်တင်ပေးပါက ဒေသခံများက သတ်မှတ်လမ်းပေအကျယ်ကိုလည်းပေးလှူမည် ဖြစ်ပါ ကြောင်း၊
သို့ဖြစ်ပါ၍ ရွာငံမြို့နယ်၊ လင်းဝေး-သိမ်ကုန်းကျေးရွာချင်းဆက်လမ်း ငါးမိုင်၊ မြေသားလမ်း ငါးမိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။