(ဃ)-ဖားဆောင်းမြို့နယ်၊ ကယားလူမျိုးစုအများဆုံးနေထိုင်သော ဝမ်းအောင်(ကယား)၊ ချီးတွဲ့၊ ဆောင်း လော ကျေးရွာများကိုသွားသော ပေ ၄၀၀ အရှည်ရှိ ပွန်ချောင်းတံတားတစ်စင်း တည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ဝအောင်းကျေးရွာအုပ်စု၊ ဝအောင်းကယားကျေးရွာသည် ကယားလူမျိုးကိုးမျိုးအနက် ယင်းသလဲ လူမျိုးစုအများဆုံးနေထိုင်ရာကျေးရွာတစ်ရွာလည်းဖြစ်ပါကြောင်း၊ အဆိုပါ ယင်းသလဲလူမျိုးစုသည် ကယားမျိုးစုတွင် အနည်းဆုံးသောလူနည်းစုတွင် ပါဝင်လျက်ရှိပြီး မျိုးနွယ်စုများမပျောက်ပျက်ရ လေအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်သော တိုင်းရင်းသားလူမျိုးများလည်း ဖြစ်သည့် အပြင် ဝအောင်းကယားကျေးရွာကို ကွင်းဆင်း၍ ကျေးရွာလူထုတွေ့ဆုံသည့် အချိန်တွင်လည်း ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးကိစ္စများနှင့်ပတ်သက်လာလျှင် လမ်းပန်းဆက်သွယ်ရေး အနေဖြင့် သံလွင်မြစ်ကြောင်းကိုသာအသုံးပြု၍ စက်လှေဖြင့်သာချိတ်ဆက်ဆောင်ရွက်ရပါကြောင်း၊ အရေးပေါ်လူနာများပေါ်ပေါက်လာချိန်တွင် လူနာအား မြစ်ဆိပ်သို့ ထမ်းပို့ရခြင်း၊ စက်လှေမောင်း သူအားရှာဖွေရခြင်းစသည့် အခက်အခဲများကြောင့် ကျေးရွာနှင့်အနီးဆုံးဖြစ်သည့် ဖားဆောင်းမြို့သို့ ဆေးကုသမှုခံယူနိုင်ရန်အတွက် ပွန်ချောင်းကူးတံတားတည်ဆောက်ပေးနိုင်ရန် တင်ပြတောင်းဆိုခဲ့ပါ ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် စီမံကိန်းတွင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝအောင်းကယား ကျေးရွာမှာ ပွန်ချောင်း ၄၀၀ ပေရှည် တံတားထိသုံးမိုင်အား ၂၄ ပေအကျယ် မြေလမ်းဖောက် လုပ်ခြင်း လုပ်ငန်းကို ကျပ် ၇၃.၅၄၁ သန်းဖြင့် လည်းကောင်း၊ ဝအောင်းကယားကျေးရွာ ပွန်ချောင်း ကူး ၄၀၀ ပေ ကြိုးတံတားတစ်စင်းကို ကျပ် ၆၅၀ သန်းဖြင့်လည်းကောင်း၊ ဝအောင်းကယားပေ ၄၀၀ တံတားမှ ဖားဆောင်း-မယ်စဲ့ ကတ္တရာလမ်းသို့ သွားသော လမ်းနှစ်မိုင်ကျောက်ခင်းခြင်းလုပ်ငန်းကို ကျပ် ၂၆.၉ သန်းဖြင့်လည်းကောင်း ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ရန် ဘဏ္ဍာငွေရရှိခဲ့ ပါကြောင်း၊
အဆိုပါ လုပ်ငန်းမြေသားလမ်းနှင့်ကျောက်ချောလမ်း နှစ်ခုမှာ ဆောင်ရွက်ပြီးစီးခဲ့သော်လည်း ဝအောင်းကယားကျေးရွာ ပွန်ချောင်းကူးပေ ၄၀၀ ရှည်တံတား တစ်စင်းအား တံတားအထူးအဖွဲ့မှ မြို့နယ်သို့လာရောက်ကွင်းဆင်းဆောင်ရွက်သည့်အချိန်တွင် အဆိုပါဘဏ္ဍာငွေဖြည့် လုံလောက်မှု မရှိခြင်းကြောင့် တံတားတည်ဆောက်မည့် လုပ်ငန်းအားဆောင်ရွက်နိုင်မှုမရှိဘဲ ဘဏ္ဍာငွေကျပ် ၆၅၀ သန်းအား ပြန်လည်အပ်နှံခဲ့ရပါကြောင်း၊ ပွန်ချောင်းတံတားတစ်စင်းတည်ဆောက်ပေးခြင်းသည် ကျေးရွာသုံးရွာကိုလည်း အကျိုးပြုနိုင်မည်ဖြစ်ခြင်းကြောင့် ဝအောင်းကယားကျေးရွာ ပေ ၄၀၀ ရှည် ပွန်ချောင်းတံတားတစ်စင်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာငွေဖြင့် ပြန်လည်တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလုပါကြောင်း မေးမြန်းပါသည်။