(စ)-ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းသားသင်တန်းသူများကို ယခု လက်ရှိအရေအတွက်ထက်ပိုပြီး ခေါ်ယူပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးတွင်ဖွင့်လှစ်ထားသော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး ရေးသိပ္ပံမှတစ်ဆင့်ပေါက်ဖွားလာသော တက္ကသိုလ်တစ်ခုဖြစ်ပါကြောင်း၊ ယင်းဖွံ့ဖြိုးရေးကျောင်း သည် ၁၉၆၃ ခုနှစ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်ကျင်းပသော ပြည်ထောင်စုနေ့တွင် သန္ဓေတည်ခဲ့ပြီး ၁၉၆၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင်ပြုလုပ်သော ပြည်ထောင်စုနေ့တွင်မွေးဖွားလာခဲ့သည့် သိပ္ပံကျောင်းတစ်ခုဖြစ်ပါကြောင်း၊ ယခင်ဖွံ့ဖြိုးရေးသိပ္ပံ၊ ယခုဖွံ့ဖြိုးရေးတက္ကသိုလ်သည် အသွင်သဏ္ဌာန်အားဖြင့် တစ်နိုင်ငံလုံးရှိတိုင်းရင်းသားလူငယ် မောင်မယ်များကို တစ်နေရာတည်းတွင်စုစည်းပြီး ဘက်စုံပညာဘာသာရပ်များကို သင်ကြားပို့ချ        ပေးနေသောကျောင်းဟု ထင်မြင်ယူဆရသော်လည်း အနှစ်သာရမှာတိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပဲ ဖြစ်ပါကြောင်း၊

မတူညီကွဲပြားသော တိုင်းရင်းသားလူမျိုးများဖြင့်ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံသည် ခေတ်များ၊ စနစ်များ မည်သို့ပင်ပြောင်းလဲသွားစေကာမူ ယင်းနိုင်ငံတွင်မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၏စည်းလုံးညီညွတ်ရေးသည် အစဉ်အမြဲလိုအပ်နေမည် ဖြစ်ပါ ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ညီရင်းအစ်ကို၊ မောင်ရင်းနှမစိတ်ဓာတ်ကို အခြေခံပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူပြုပါကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်မှာ အားလုံးအသိ ပဲဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလိုအပ်ဆုံးဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးကို ညီအစ်ကိုနှမစိတ်ဓာတ်ဖြင့်အခြေခံထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအားဖြင့် တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်း သားလူမျိုးများ၏ ရင်နှစ်သည်းချာ သားငယ်သမီးငယ်များအား ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ဘူမိနတ်သံနေရာမြေအဖြစ်ခံယူကာ ညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့ မရှိအတူ၊ ရှိအတူ အေးအတူပူအမျှ၊ ကောင်းတူဆိုးဖက် အတူတကွပူးပေါင်းနေထိုင်ကြကာ ပညာရှာမှီးကြရင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၏အခြေခံအုတ်မြစ်ကို ကိုယ်တိုင်ကိုယ်ကျတည်ဆောက် ကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုခိုင်မြဲလာစေရန်အတွက် ရည်ရွယ်ချက်ကောင်းများအဖြစ် ထူထောင်ထားသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အား အဆောက် အဦများတိုးချဲ့ခြင်း၊ ဆရာဆရာမဝန်ထမ်းအင်အားများ တိုးမြှင့်ဖွဲ့စည်းခြင်းနှင့်အတူ သင်တန်း သားသင်တန်းသူများကို ယခုလက်ရှိအရေအတွက်ထက် ပိုမိုတိုးမြှင့်ခေါ်ယူလေ့ကျင့်မွေးထုတ် ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။