(ဇ)-မုံရွာမြို့နယ်ရှိ ကျောက္ကာရွာရေနံချက်ဖိုများနှင့် ဖန်ခါးကျင်းနယ်မြေ ရေနံချက်ဖိုများ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးရှိ ရေနံချက်ဖိုများနှင့် စပ်လျဉ်းသည့်မေးခွန်း
မုံရွာမြို့နယ်ရှိ ကျောက္ကာရွာရေနံချက်ဖိုများနှင့် ဖန်ခါးကျင်းနယ်မြေ ရေနံချက်ဖိုများ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးရှိ ရေနံချက်ဖိုများကို ပိုမိုအဆင့်မြင့်သော ရေနံချက် စက်ရုံများအဖြစ် မြေဧရိယာ(၂)ဧကဖြင့် တည်ဆောက်ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်လိုင်စင်ထုတ်ပေးထားသည့် ရေနံချက်ဖိုပေါင်း ၄၄၆ ဖိုနှင့် လုပ်ငန်းရှင် ၁၄၇ ဦးရှိသည်ဟု သိရှိရပါကြောင်း၊ ရေနံချက်ဖိုပေါင်းသည် စစ်ကိုင်းတိုင်း ဒေသကြီးတွင် အများဆုံးဖြစ်ပြီး ၃၇၉ ခုရှိသည်ဟု သိရှိရပါကြောင်း၊ အဆိုပါ ရေနံချက်ဖိုများသည် ထင်းကိုသာ လောင်စာအဖြစ် အသုံးပြုနေရပါသေးသည့်အတွက် အနီးနားရှိ သစ်တော၊ သစ်ပင်များ ကုန်ဆုံးကုန်ပြီဖြစ်ပါကြောင်း၊ ၂၀၀ ခန့် ရေနံချက်ဖိုသည် ချက်ပြီးသား ရေနံချေးကို ချေးချွတ်ရန် ဆာလ်ဖျူရစ်အက်ဆစ် ငါးဂါလန်ပုံး ငါးလုံးခန့်လည်း သုံးကြရသည့်အတွက် ယင်းမှ ထွက်ရှိသည့် ကတ္တရာချေးများလည်း နီးစပ်ရာမြေသဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေပါကြောင်း၊ မီးအန္တရာယ်ကိုလည်း မကြာခဏ ကြုံတွေ့ရ ပါကြောင်း၊ ထို့ကြောင့် ရေနံချက်ဖိုများကို ထင်းအသုံးမပြုရသော၊ ကတ္တရာမထွက်သော၊ မီးအန္တရာယ်နည်းပါးသောအဆင့်သို့ ပြောင်းလဲ အဆင့်မြှင့်ပေးရန် လိုအပ်ပါကြောင်း၊ ရေနံချက်ဖို ပိုင်ရှင်များအနေဖြင့်လည်း ပြောင်းလဲလိုကြပါကြောင်း၊
သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များ၊ အလုပ်သမား၊ နိုင်ငံတော် အားလုံးအဆင်ပြေချောမွေ့စေရန်၊ အသေးစားရေနံချက်ရုံတည်ဆောက်ခြင်းကို မြေအကျယ်အဝန်းနှစ်ဧကဖြင့် ခွင့်ပြုလိုင်စင် ထုတ်ပေး နိုင်ခြင်းရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်ကဲ့သို့ ပြုလုပ်ပေးပါမည်၊ အစီအစဉ်ရှိပါက မည်သည့် အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။