(ခ)-မိုးကုတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်များ ထပ်နေသည့်အတွက် နိုင်ငံသားများ၏ မူလ အခွင့်အရေးမဆုံးရှုံးစေရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့အမြန်ဆုံး ဖြေရှင်းပေးမည် ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိုးကုတ်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော်လည်း သီးခြားတည်ရှိသည့် တောင်ပေါ် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ၁၉၈၉ ခုနှစ် မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ အသစ်ပြုလုပ်ရန်အတွက် စီမံချက်ချပြီး လုပ်ဆောင်ခဲ့ရာတွင် မိမိတို့မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်များ တူညီတာစွာ ထုတ်ပေးခဲ့သည်ရှိကြောင်းကို သိရှိခဲ့ရပါကြောင်း၊ စိစစ်ရေးကတ်နံပတ်များထပ်နေသည့်အတွက် ပြည်သူများသည် ၎င်းတို့၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကိစ္စရပ်များဆောင်ရွက်သည့်အခါတွင် အခက်အခဲများ ကြုံတွေ့သည်မှာ ယခုအခါပိုမိုပြီးများပြားလာပါကြောင်း၊
အထူးသဖြင့် ဘဏ်စာရင်းများဖွင့်ခြင်း၊ ငွေထုတ်ခြင်း၊ ဘဏ်မှ ငွေလွှဲခြင်း၊ နိုင်ငံကူးလက်မှတ်ပြု လုပ်သည့် ကိစ္စများတွင် ကွန်ပျူတာနှင့် အသုံးပြုသည့်အတွက် ၎င်းနေရာတွင် နံပါတ်တူထွက် လာသည့် ပြဿနာများကို ယခုအခါတွင် ပိုပြီး ရှင်းရပါကြောင်း၊ ယခုလိုနံပါတ်တူထပ်နေသည်ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(ရုံးချုပ်)မှ ညွှန်ကြားချက် (၈/၂၀၁၅)ထုတ်ပြီး ဖြေရှင်းပေးနေသော်လည်း အောက်ခြေတွင် ရှေ့သို့မရောက်ဖြစ်နေပါကြောင်း၊ လီဆူး၊ လီချောစသည့် အမည်ပြဿနာ၊ သွေးနှောခြင်းစသည့် ကိစ္စများကို သက်ဆိုင်ရာ မြို့နယ် ဝန်ထမ်းများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဝန်ထမ်း များ ကြိုးစားပြီးဖြေရှင်းပေးနေသည်ကိုတွေ့ရှိရပါကြောင်း၊ ယခုထပ်ပြီး နံပါတ်တူများ ထပ်လာသည့် အခါ ဝန်ထမ်းအင်အားသည် လောလောဆယ် ၁၃ ယောက်သာ ရှိသည့်အတွက် ဝန်ထမ်းအင်အား မလောက်မငှဖြစ်နေပါကြောင်း၊
နံပါတ်တူတွေထပ်နေသည့် သားသမီးများ ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့် ရှေ့နံပါတ်အတွက် သွားရောက် ပြီးလုပ်ကိုင်သည့်အခါမှာ ၎င်းမိဘများ၏ (နိုင်)၂၊ (နိုင်)၄ များကို ကြည့်လိုက်သည့် အခါ နံပါတ်တူ များထပ်နေသည်ကို တွေ့ရပါကြောင်း၊ ထိုအခါ ရုံးက နံပါတ်တူထပ်နေသည့် ၎င်းတစ်ယောက်ကို ရှာပြီးခေါ်ခဲ့ရန်ပြောပါကြောင်း၊ ဘယ်သူမှန်းမသိ၊ ဘယ်မှာနေမှန်းမသိသည့် သူတစ်ယောက်ကို ရှာဖွေပြီးခေါ်ဆောင်ရန် အင်မတန်ခက်ခဲသည့် အလုပ်ဖြစ်သည့်အတွက် ရှေ့ဆက်ပြီး စိစစ်ရေး ကတ်ပြားကို ၎င်းတို့၏ သားသမီးများလုပ်ရန် ရှေ့ဆက်ရန်အတွက် ရပ်တန့်နေပါကြောင်း၊
နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်များ နိုင်ငံသားအချင်းချင်း ထပ်နေသည်မှာ ပြဿနာမရှိသော် လည်း အခြားနိုင်ငံခြားသားတစ်ဦးဦးနှင့် နံပါတ် သွားထပ်နေမည်ဆိုပါက နောက်ထပ်ပြဿနာများ ရှုပ်ထွေးနိုင်ပါကြောင်း၊ ထို့အပြင် နံပါတ်ထပ်နေသည့်လူများ၏ အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ ကား စသည်ဖြင့် ဝယ်ယူစာချုပ်ချုပ်သည့်အခါ နံပါတ်တူထပ်နေသည့်အတွက် ပြဿနာလေးများ တဖြည်း ဖြည်းနှင့် ပေါ်ပေါက်လာသည်ကို တွေ့ရှိရပါကြောင်း၊ မိမိကိုယ်တိုင် နံပါတ်တူထပ်နေသည့် လူရှိ/မရှိ မသိနိုင်ပါကြောင်း၊ ပြဿနာတစ်ခုခုဖြစ်လာမှသာ သိရပါကြောင်း၊
မြို့နယ်တွင် နံပါတ်တူဘယ်လောက်ထပ်နေသည်ကို သက်ဆိုင်ရာရုံးကသာ သိနိုင်မည်ပါကြောင်း၊ ထို့ကြောင့် စိစစ်ရေးနံပါတ်ပြားထပ်နေသည့်သူများ၏အမည်စာရင်းကို ရုံးမှကြေညာပေးမှသာ ကျန် လူများ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းကိစ္စကို ဒီအတိုင်းထားလို့မရဘဲ ရှင်းရမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးရမည်ဖြစ်သည့် အတွက် နံပါတ်တူများ ထပ်နေသည့် ကိစ္စနှင့် ပတ်သက်ပြီးထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ပြည်သူလူထုများအနေဖြင့် ၎င်းတို့၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကိစ္စများဆောင်ရွက်ရာတွင် ပြဿာနာများမဖြစ်ပေါ်စေရေးနှင့် စိစစ်ရေးကတ် နံပါတ်တူများထပ်နေသူနှင့် ထပ်နေတာကိုမသိသေးသည့်သူများအတွက် နိုင်ငံသားများ၏ မူလအခွင့် အရေးမဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်မည် ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။