(စ)-ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် ဖွဲ့စည်းထားသော ကော်မတီများ၌ ပါဝင်သူ များက ပြည်သူများထံမှကောက်ယူထားသော ဘဏ္ဍာငွေများကို အလွဲသုံးစားပြုလုပ်ခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာပါက မည်သူက တာဝန်ယူစစ်ဆေးပေးမည်နှင့် စပ်လျဉ်းသည့်မေးခွန်း
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် ဖွဲ့စည်းထားသော ကော်မတီများ၌ ပါဝင်သူများက ပြည်သူများထံမှကောက်ယူထားသော ဘဏ္ဍာငွေများကို အလွဲ သုံးစားပြုလုပ်ခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာပါက မည်သူက တာဝန်ယူစစ်ဆေးပေး၍ မည်သူက တရားစွဲဆို အရေးယူပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် လုပ်ငန်းလိုအပ်ချက်တွေအရ ကော်မတီများဖွဲ့ကြပါကြောင်း၊ ဥပမာ-မီးလင်း ရေးကော်မတီ၊ ရေရရှိရေးကော်မတီ၊ လမ်းဖြစ်မြောက်ရေးကော်မတီ၊ ရပ်ကွက် သာယာရေး ကော်မတီ၊ ၎င်းအပြင် အိမ်ရာသာယာရေးကော်မတီကို ဖွဲ့ကြပါကြောင်း၊ ကော်မတီများ ဖွဲ့သည့်အခါမှာ များသောအားဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အသိအမှတ်ပြုပါ ကြောင်း၊ ပိုက်ဆံကောက်ပါကြောင်း၊ ပိုက်ဆံကောက်ပြီး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ အလွဲသုံးစားမှုများ ပေါ်ပေါက်သည်ဟု ပြည်သူယုံကြည်လာပြီး များသောအားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တိုင်ကြပါကြောင်း၊ တိုင်သည့်အခါ အလွဲသုံးစား လုပ် သည်ဟု တိုင်ပါက အဓိကအားဖြင့် စာရင်းစစ်ဆေးရန် လိုပါကြောင်း၊ သို့သော်စာရင်း စစ်ဆေးခြင်း မပြုနိုင်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသက်ဆိုင် ရာမြို့နယ်၊ စာရင်းစစ်အဖွဲ့ကို စာရင်းသွားစစ်ပါဟု ညွှန်ကြားခွင့်မရှိသည့်အတွက် စာရင်း မစစ်နိုင်ပါ ကြောင်း၊ ထို့ကြောင့် အများပြည်သူပိုက်ဆံကို အလွဲသုံးစားလုပ်သည့်လူကို အရေးယူရန် အတွက် မည်သူကတာဝန်ခံပြီး စာရင်းစစ်ပေးမည်၊ စစ်ဆေးပေါ်ပေါက်ချက် အပေါ်တွင် အလွဲ သုံးစားပြုထားသည်ဟု တွေ့ရှိပါက တရားစွဲဆိုရမည်ဖြစ်သည့်အတွက် တရားစွဲဆိုသည့်အခါ မည်သူကတရားလိုပြုပြီး တရားစွဲဆို ပေးမည်ဆိုသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်း ပါသည်။