(ခ)ကြို့ပင်ကောက်မြို့နယ်၊ ကြို့ကုန်း ကျေးရွာအုပ်စုအတွင်းရှိ အုန်းနှဲကုန်း၊ သံဖြူချောင်း၊ သက်ရင်းကုန်း ကျေးရွာများ လျှပ်စစ်ဓာတ်အား အဆင်ပြေစွာ ရရှိနိုင်ရေးအတွက် မည်သို့ဆောင်ရွက် ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-31

ကြို့ပင်ကောက်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ အုန်းနှဲကုန်းကျေးရွာ၊ သံဖြူကျောင်းကျေးရွာနှင့် သက်ရင်းကုန်း ကျေးရွာများသည် ကြို့ပင်ကောက် မြို့နယ်နှင့် ဇီးကုန်းမြို့နယ် နယ်နိမိတ်ဒေသများတွင် ဖြစ်ပြီး ကျေးရွာမီးလင်းရေးကို ၁၉၉၄ ခုနှစ်တွင် ၅၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် မီတာ ၁၄၇ လုံး တပ်ဆင် အသုံးပြုနေခြင်း ဖြစ်ကြောင်း။ ဒေသဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ Capacity တိုးမြှင့်ဆောင်ရွက်ရန်နှင့် အိမ်ခြေအားလုံး လျှပ်စစ်ဓာတ်အားရရှိအသုံးပြုရန် လိုအပ်လာသည် ဖြစ်ကြောင်း၊ NEP နှစ်မိုင်ပတ်လည် မီးလင်းရေးဆောင်ရွက်သည့်အချိန်တွင် မီးလင်းပြီးကျေးရွာများ ဖြစ်သည့်အတွက် မပါဝင်ခဲ့ကြောင်း၊ လက်တွေ့တွင် အိမ်ခြေအားလုံးလွှမ်းခြုံ၍ လျှပ်စစ်ဓာတ်အား မရရှိကြသေးကြောင်း၊ ကြို့ပင်ကောက် မြို့နယ်ဘက်ခြမ်းတွင် ထရန်စဖော်မာ တည်ဆောက်ထားသော်လည်း ဇီးကုန်း မြို့နယ်၊ မရင်းကျေးရွာ မီးလင်းရေး ကော်မတီမှတစ်ဆင့် လျှပ်စစ်ဓာတ်အားခများ၊ အခြားဝန်ဆောင်မှု စရိတ်စခများ ပေးချေနေရခြင်း ဖြစ်ကြောင်း၊ ကျေးရွာ မီးလင်းရေးအတွက် မြို့နယ်နှစ်မြို့နယ်တွင် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံညှိနှိုင်းမှုအရ လက်ရှိ ထရန်စဖော်မာအား Capacity တိုးမြှင့်ပေးပြီး သံဖြူချောင်းကျေးရွာအတွက် ခွဲထုတ်ပြီး သီးသန့် 11 KV နှင့် ထရန်စဖော်မာ တစ်လုံးတည်ဆောက်မည်ဆိုပါက သင့်တော်မည်ဟု သိရကြောင်း၊ ၎င်းရွာများသည် ရွာခွဲများဖြစ်သည့်အတွက် သီးသန့်စီ မီးလင်းရေးကော်မတီ တစ်ခုစီနှင့် ၄၄၀ လိုင်းမှ စတင်ပြီး တည်ဆောက်မည်ဆိုပါက ရေရှည်တွင် အဆင်ပြေနိုင်မည်ဖြစ်သည့်အပြင် လျှပ်စစ်အန္တရာယ်လည်း ကင်းစေမည် ဖြစ်ကြောင်း၊

မိမိတို့ SDG (၁၇) အောင်မြင်စေရန် လျှပ်စစ်အန္တရာယ်နှင့် သီးခြားဝန်ဆောင်ခများ သက်သာစေရန်နှင့် ပြည်သူများ အချင်းချင်း ညီညွတ်စေချင်သည့်အတွက် ဖြစ်ကြောင်း၊ အုန်းနှဲကုန်းကျေးရွာသည် ၁၉၉၄ ခုနှစ်တွင်တည်ဆောက်ခဲ့သည့် ၅၀ ကေဗွီအေ ထရန်စဖော်မာမှတစ်ဆင့် မီးသွယ်တန်းထားသည့်အတွက် တစ်ရွာနှင့်တစ်ရွာ ဝေးကွာမှုများသည့်အတွက် ဓာတ်အား ပျောက်ဆုံးမှုများနှင့် မနိုင်မနင်းဓာတ်အားအသုံးပြုနေရခြင်းဖြစ်ကြောင်း၊ သစ်သားတိုင်ဖြင့် သွယ်တန်းထားသည့်အတွက် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျခြင်းများလည်း ရှိခဲ့ကြောင်း၊ ကျွဲ၊ နွား သေဆုံးမှုများနှင့် လူထိခိုက်ဒဏ်ရာရခဲ့ဖူးသည့် သမိုင်းကြောင်းများလည်း ရှိခဲ့ကြောင်း၊ ဒေသတစ်ခုလုံးကိုခြုံပြီး ကရင်ကုန်းရွာ၊ အိုးဘိုစုရွာ၊ သံဖြူချောင်းရွာ 11 KV လိုင်း တည်ဆောက်မည်ဆိုပါက အသင့်တော်ဆုံးတစ်ခု ဖြစ်လာမည်ဖြစ်သည့်အတွက် ကြို့ပင်ကောက်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ အုန်းနှဲကုန်းကျေးရွာ၊ သံဖြူကျောင်းကျေးရွာနှင့် သက်ရင်းကုန်း ကျေးရွာရှိ အိမ်ထောင်စုတိုင်း လျှပ်စစ်ဓာတ်အားအဆင်ပြေစွာ ရရှိနိုင်ရေးအတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။