(ဆ)-ကျောက်တော်မြို့နယ်အတွင်းရှိတိမ်ကောလာ သည့်ချောင်းတက်ငယ်များအားပြန်လည်တူးဖော်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ကျောက်တော်မြို့နယ်သည် ဧရိယာစတုန်းရန်းမိုင်ပေါင်း ၆၀၀ ကျော်၊ လူဦးရေ ၂ သိန်းကျော် နေထိုင်လျက်ရှိပြီး ကုလားတန် (ခေါ်) ကစ္ဆပနဒီမြစ် ၊ ပီချောင်း၊ ရိုးချောင်း၊ ယွန်းချောင်း၊ တသချောင်း စသည့် မြစ်ချောင်း များတွင် ကျေးရွာ များစွာက အဓိက နေထိုင်ကြ ပါကြောင်း၊အဆိုပါ ချောင်းများ တစ်ဆင့် ကျောက်တော်မြို့နယ် အနှံ့စီးဆင်းနေသည့် ချောင်းတက်များလည်းရှိ ပါကြောင်း ၊ ကျောက်တော် မြို့နယ် အနေဖြင့် အဓိက စိုက်ပျိုးရေးကိုသာ အားထားနေသည့် မြို့ဖြစ်ခြင်း၊ တစ်ရွာနှင့် တစ်ရွာ၊ တစ်ဒေသနှင့်တစ်ဒေသ ကူးလူးဆက်ဆံရောင်းဝယ် ဖောက်ကားရာတွင် လမ်းပန်း ဆက်သွယ်ရေးအဖြစ် မြစ်ချောင်းများကိုသာ အားကိုးအားထား ပြုနေရခြင်း၊ နွေ၊ မိုး၊ ဆောင်း ရာသီ သီးနှံများကိုလည်း မြစ်ရေကိုသာ အကြောင်းပြု စိုက်ပျိုးခြင်းတို့ကြောင့် အဆို ပါ ချောင်းတက်လေးများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိမ်ကောလာခြင်းသည် ကျောက်တော်မြို့နယ်အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ လမ်းပန်းဆက်သွယ်ရေးများတွင် အခက်အခဲတွေများစွာ ကြုံတွေ့ လာသည်ကို တွေ့ရှိပါကြောင်း၊ ထို့ပြင် ကျောက်တော်မြို့နယ်၏ ရေကြီးရေလျှံဖြစ်စေသည့် အခြေခံအကြောင်း တရားများတွင်လည်း အဆိုပါ ချောင်းတက်များ တိမ်ကောလာခြင်းသည် အဓိက အကြောင်းတရားတစ်ခု ဖြစ်ပါကြောင်း၊ တစ်လလျှင် မိုးရေချိန်လက်မ ၄၀၊ ၅၀ ရွာသည့် ကျောက်တော်မြို့နယ်တွင် မိုးရေများကို လွတ်လပ်စွာ စီးဆင်းနိုင်မည့် အခြေအနေမရှိသည့်အတွက် တစ်နှစ်လျှင် မိုးရေချိန်များလျှင် များသလို၊ မိုးအကြိမ်ရေများလျှင်များသလို ကျောက်တော်မြို့နယ်အနှံ့ ရေကြီးရေလျှံဖြစ်ခြင်း၊ လယ်မြေ၊ စိုက်ပျိုးရေးများ ဆုံးရှုံးနစ်နာခြင်းများကို မြောက်များစွာ ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် ကျောက်တော်မြို့နယ်အတွက် အဓိကအမှီပြု လုပ်ကိုင်စားသောက်နေကြသည့် သတီချောင်း၊ ပေါက်လေဂေါတော့မနီချောင်း၊ ဝေတက်ချောင်း၊ တောင်ပေါက်ချောင်း၊ ဇဏီတောင်နှင့် တောင်မဇီကြားချောင်း၊ ကွင်းအူချောင်းများကို ပြန်လည်တူးဖော်ပေးရန်နှင့် စပ်လျဉ်း၍ မေးရမြန်းရခြင်း ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအနှံ့တွင် ရေပေးဝေရေးလုပ်ငန်းများအတွက် ဆည်ကြီးများ၊ မြစ်ရေတင် စီမံကိန်းများအတွက် စက်ယန္တရားကြီးများ အသုံးပြုပြီး နိုင်ငံ့ဘတ်ဂျက် ဘီလီယံပေါင်းများစွာကို အသုံးပြုနေရသည့်အချိန်တွင် မိမိတို့ ဒေသခံ များအတွက်အကျိုးပြုလျက်ရှိသော အဆိုပါချောင်းတက်များကို တူးဖော်ပေးခြင်းအားဖြင့် သဘာဝအရင်းအမြစ်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဒေသခံများ၏ အကျိုးကို ကူညီရာရောက်ခြင်း ၊ ရေဘေး ဒုက္ခဖြစ်လာပါက နိုင် ငံတော်က သုံးစွဲရသည့် ကူညီကယ် ဆယ်ရေးဘတ်ဂျက်ငွေများ များစွာသက်သာစေခြင်း စသည့်အကျိုးကျေးဇူးများကို ခံစားရမည့် ဖြစ်သည့်အတွက် အဆိုပါ ချောင်းတက်များကို တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။