(က)လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများတွင် လက်ခံထားရှိနိုင်သော သင်တန်းသားဦးရေထက် နှစ်ဆကျော်ခန့်ပိုမိုများပြားနေခြင်းအား မည်ကဲ့သို့ဖြေရှင်းဆောင်ရွက် ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်တွင်ရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ် သင်တန်းကျောင်းများနှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များသည် ၂၄-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးလူငယ် သင်တန်းကျောင်းကိုလည်းကောင်း၊ ၂၁-၉-၂၀၁၉ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင်ရှိသည့် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းနှင့် ၂၂-၉-၂၀၁၉ ရက်နေ့တွင် သန်လျင်လူငယ်သင်တန်းကျောင်းတို့ကို ကော်မတီတာဝန်အရ ကွင်းဆင်း လေ့လာခဲ့ကြကြောင်း၊ ကွင်းဆင်းလေ့လာမှုတွေ့ရှိချက်အရ တင်ပြရပါလျှင် လူငယ်သင်တန်းကျောင်း သုံးခုစလုံးတွင် ကျောင်းဆောင်တည်ရှိမှုနှင့် စီမံအုပ်ချုပ်ရသည့် ဝန်ထမ်းအင်အားအရ လက်ခံ ထားနိုင်တဲ့ သင်တန်းသားဦးရေသည် အများဆုံး ၂၀၀ သာ ဖြစ်ကြောင်း၊ သို့သော် ယခုအချိန် မန္တလေး လူငယ်သင်တန်းကျောင်းတွင် မိမိတို့ လေ့လာသည့်အချိန်တွင် သင်တန်းသားဦးရေ ၄၂၄ ဦး၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင် လက်ခံထားသည့် သင်တန်းသားဦးရေသည် ၅၂၄ ဦးနှင့် သန်လျင် လူငယ်သင်တန်းကျောင်းတွင် ၅၂၀ ဦး ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ ရုတ်တရက် သင်တန်းသားဦးရေ တိုးလာသည်ကို ကျောင်းက ကျောင်းအုပ်ကြီးတို့၏ တင်ပြချက်အရ မိမိတို့ ပြင်ဆင်အတည်ပြုလိုက်သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် အတည်ပြုလိုက်သည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ အခန်း(၁) ပုဒ်မ ၃ တွင် ကလေးသူငယ် ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသောသူကို ဆိုလိုသည်ဟု ပါရှိသည့်အတိုင်း ထို့အတွက်ကြောင့် ရုတ်တရက်သင်တန်းသားဦးရေ နှစ်ဆကျော်ခန့် တိုးလာသည်ဟု သိရှိရကြောင်း၊ ထိုကဲ့သို့ တိုးလာသည့်အတွက် သင်တန်းသားများ၏ နေထိုင်ရမှု၊ စားသောက်ရမှု၊ အိပ်စက်ရမှုများသည် နေရာအလွန်ကျဉ်းမြောင်းနေပြီး လူတစ်ဦး တစ်ယောက်၊ ကလေးသူငယ် တစ်ဦးတစ်ယောက် ရရှိမည့် အခွင့်အရေးများမရရှိနိုင်သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ ကျန်းမာရေးအတွက်ဆိုပါက ၎င်းသင်တန်းကျောင်းများသည် နီးစပ်ရာ ကျန်းမာရေးဌာနများကို သွားရောက်ပြီး ပြသနေကြရသည်ကို တွေ့ရှိရကြောင်း၊
ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသည် ကျောင်းမြေဧရိယာ ၃၆.၀၂ ဧကရှိသည့်အတွက် အတော်အတန် အဆင်ပြေလျက်ရှိသေးကြောင်း၊ ထို့ပြင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင်တစ်ထပ်ဆောင် လေးဆောင် ဆောက်လုပ်လျက်ရှိသည်ကို မိမိတို့တွေ့ရှိခဲ့ရကြောင်း။ သို့သော် ငှက်အော်စမ်း သင်တန်းကျောင်းတွင် အဓိကလိုအပ်နေသည်က ကျောင်းလုံခြုံရေးအတွက် ခြံစည်းရိုးဖြစ်ဖြစ်ကို တွေ့ရှိရကြောင်း၊ မန္တလေး လူငယ်သင်တန်းကျောင်း၏ မြေအကျယ်အဝန်းသည် ၈.၃၃ ဧကရှိသည့်အတွက် အဆင်ပြေကြောင်း၊ အလှူရှင်က သုံးထပ်ကျောင်းဆောင် တစ်ခုကို စတင် ဆောက်လုပ်လှူဒါန်းနေသည်ဖြစ်သည့်အတွက် အဆင်ပြေနိုင်သည်ကိုလည်း တွေ့ရှိရကြောင်း၊ သို့သော် အဓိကအားဖြင့် ၎င်းတို့၏ ထမင်းစားဆောင်သည် အလွန်ကျဉ်းကြောင်း၊ အခု လူ ၄၀၀ ကျော် ဖြစ်သည့်အတွက် နှစ်သုတ်၊ သုံးသုတ်ခွဲပြီး ထမင်းကျွေးနေရသည်ကို မိမိတို့ တွေ့ရှိရကြောင်း၊ ထို့ပြင် ဧည့်ဆောင်လိုမျိုး ဘက်စုံသုံးအဆောင်မရှိသည့်အတွက် ဧည့်သည်ကိုလည်း ကြုံသလို တွေ့နေရသည်ကို မိမိတို့ တွေ့ရှိရကြောင်း၊ သို့ကြောင့် သင်တန်းသားများ စုဝေးရန်၊ ဟောပြောပွဲ လုပ်ရန်၊ ဧည့်သည်တွေ့ရန်အတွက် အဆောင်လိုအပ်ကြောင်းကိုလည်း မိမိတို့ သုံးသပ် တွေ့ရှိရကြောင်း၊ အဆိုးဆုံးသည် သန်လျင်လူငယ်သင်တန်းကျောင်း ဖြစ်ကြောင်း၊ ကျောင်းဧရိယာ သည် ၁.၂၇၃ ဧရိယာသာ ရှိပြီး မြို့၏အလယ်တွင် ရှိကြောင်း၊ အဆောင်များသည်လည်း ကျောင်းသား ၇၀ ဆံ့သည့် အဆောင်သုံးဆောင်သာရှိသည့်အတွက် ယခုအခါ ကျောင်းသား ၅၀၀ ကျော်သည် အဆောင်တစ်ဆောင်မှာ ၂၀၀ ခန့်ထားနေရကြောင်း၊ စီမံအုပ်ချုပ်ရေးရသည့် ဝန်ထမ်းအင်အား နည်းသည့်အတွက် ၎င်း၏အချိန်ဇယားအတိုင်း အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှု ဆောင်ရွက်ခိုင်း ရန် အဆင်မပြေသည်ကို မိမိတို့ သိရှိရကြောင်း၊ ယခုလက်ရှိ ဆောက်လုပ်လျက်ရှိသည့် လေးထပ် အဆောက်အအုံ အပြီးသတ်နိုင်ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ပါဝင်ပြီး ဖြစ်ကြောင်း၊ သို့သော်၎င်းအဆောက်အဦပြီးရန် ခြောက်လခန့်ကြာမြင့်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ တွေ့ကြုံရသည့် အခက်အခဲကို ဖြေရှင်းပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အခန်း(၁) ပုဒ်မ ၃(ဃ)နှင့်အညီ ကလေးများ၏ အကျိုးကျေးဇူးကို အဓိက ရှေးရှုဆောင်ရွက်နိုင်ရန် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း -
မေးခွန်း(၁) လူငယ် သင်တန်းကျောင်းတွင် လက်ရှိကျောင်းသားဦးရေကို လျော့ချနိုင်ရန် သို့မဟုတ် ထပ်မံပြီး တိုးလာခြင်းကို နည်းစေရန်တွက် တရားရေးဌာန၊ အကျဉ်းဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့အနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ရန် အစီအစဉ် ရှိပါသနည်း သို့မဟုတ် အခန်း(၁) ပုဒ်မ ၃ အပိုဒ်ခွဲ(ဌ)အရ ယာယီစောင့်ရှောက်ရေး ဂေဟာများကို မည်ကဲ့သို့ စီမံဆောင်ရွက်တိုး ချဲ့ဖွင့်လှစ်ရန် အစီအစဉ် ရှိပါသနည်း။
မေးခွန်း(၂) လူငယ်သင်တန်းကျောင်းများတွင် လူငယ်များကို တကယ်စီမံပြီး စောင့်ရှောက် နိုင်ရန်အတွက် ဝန်ထမ်းဦးရေ အပြည့်ခန့်ထားနိုင်ခြင်း ရှိ/မရှိကိုလည်း သိလိုပါကြောင်း၊
မေးခွန်း(၃) မန္တလေး လူငယ်သင်တန်းကျောင်းနှင့် သန်လျင် လူငယ်သင်တန်းကျောင်းတို့တွင် အဓိက လိုအပ်လျက်ရှိသည့် ထမင်းစားဆောင်နှင့် အများဘက်စုံသုံးခန်းမတို့ကို မည်သည့် ဘတ်ဂျက်တွင် တည်ဆောက် ပေးနိုင်နည်း။
မေးခွန်း(၄) ကျန်းမာရေး စောင့်ရှောက်မှုအတွက် အပြင်ကိုသွားရောက်ပြသရသည့်အချိန်တွင် လုံခြုံရေးနှင့် Transport သည် အခက်အခဲဖြစ်နေသည့်အတွက် ၎င်းသင်တန်းကျောင်းများတွင် ကျန်းမာရေးမှူး၊ သူနာပြုဆရာမများနှင့် ဆေးခန်းဖွင့်လှစ်ပေးပြီး တစ်ပတ်တွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆရာဝန်မှ လာရောက်ကုသစစ်ဆေးပေးနိုင်ခြင်း ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။