(က)-ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိထုတ်ပြန်ထားသော စည်းကမ်းချက်များသည် တည်ဆဲဥပဒေများနှင့် ကွဲလွဲဆန့်ကျင်မှုများကို ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

(က)-ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ မန္တလေးတို င်းဒေသကြီး အတွင်းရှိ မြို့နယ်များက ထုတ်ပြန်ထားသော ဒေသန္တရ စည်းကမ်းချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့် သဘောထား ကွဲလွဲဆန့်ကျင်မှုများကို ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

နိုင်ငံတော်အတွင်းတွင် ပြည်သူများက မိမိတို့၏ဆန္ဒသဘောထားများကို စနစ်တကျ ဖော်ထုတ် နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၈ နှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ၎င်းဥပဒေ၏ ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို သုံးစွဲဆောင်ရွက်ခွင့် ရှိစေရန်နှင့် ၎င်းတို့ကို ဥပဒေအရကာကွယ်ပေးရန်ဖြစ်ပြီး ဥပဒေတွင် ငြိမ်းစုစီပြုလုပ်လိုသူများသည် အသိပေး တင်ပြရမည့် အချက်ခြောက်ချက်ကို သက်ဆိုင်ရာ မြို့နယ်၊ ဖြတ်သန်းလိုသည့် မြို့နယ်များတွင် ရှိသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးများထံကို ၄၈ နာရီ ကြိုတင် အသိပေးလုပ်ဆောင်ရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း၊ မိမိတို့၏ဆန္ဒကို ဒီမိုကရေစီနှင့်အညီ ဥပဒေပြဋ္ဌာန်းလုပ်ဆောင်ခွင့်ပေးထားသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးမှုများ ကြုံနေရသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊

ငြိမ်းစုစီလုပ်မည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် ဥပဒေအရ အသိပေးတင်ပြရမည့် အချက် ခြောက်ချက်တွင် ဒေသန္တရလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် စပ်လျဉ်းပြီး ညှိနှိုင်းသဘောတူညီချက်ပါရှိရမည်ဟု ပါရှိကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းနှင့် မြို့နယ်အသီးသီးတွင် ငြိမ်းစုစီပြုလုပ်ရန်အတွက် ကြိုတင် ညှိနှိုင်းသဘောတူညီချက်ရယူရန် သက်ဆိုင်ရာက သတ်မှတ်ထားသည့်အချက်များသည် အနည်းဆုံး ၁၃ ချက်မှ အများဆုံး ၆၆ ချက် ထိရှိသည်ကို တွေ့ရကြောင်း၊ ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ငြိမ်းစုစီ ဥပဒေ၊ တည်ဆဲဥပဒေများနှင့် ညီညွတ်မှု မရှိ ဆန့်ကျင်ကွဲလွဲသည့်အချက်များ ပါရှိနေသည်ကို တွေ့ရကြောင်း၊ ၎င်းအချက်များအနက် အရေးကြီးသည့်အချက်များကို မိမိထုတ်နုတ်တင်ပြမည်ဖြစ်ကြောင်း၊ ပထမဆုံးအချက်သည် စုဝေး ဟောပြောသည့်အချိန်တွင် စင်မြင့်မသုံးရကြောင်း၊ မြေပြင်တွင် ဟောပြောရမည်ဆိုသည့် အချက်ဖြစ်ကြောင်း၊

ဆန္ဒဖော်ထုတ်ပွဲတွင် လူထုသည် ထောင်ကျော်ထိရှိလာနိုင်သည့်အတွက် ၎င်းလူစုလူဝေးကို မြေပြင်မှ ဟောပြောရမည်ဆိုသည့် သတ်မှတ်ချက်သည် သင့်တော်ပါရဲ့လားဆိုသည်ကို စဉ်းစား သင့်ကြောင်း၊ ၎င်းအချက်သည် ဟောပြောမှုမထိရောက်စေရန် ဟန့်တားချုပ်ခြယ်သလို ဖြစ်စေ ကြောင်း၊ နောက်တစ်ချက်သည် ရုံးတက် ရုံးဆင်း၊ အလုပ်သွား အလုပ်ပြန်ချိန် မလုပ်ရ၊ နေ့ကြီး ရက်ကြီး (ပြန်တမ်းဝင် ရုံးပိတ်ရက်)လည်း မလုပ်ရဟု ကန့်သတ်ထားသည့်အတွက် ဆန္ဒ ဖော်ထုတ်ရမည့် နေ့ရက်၊ အချိန်၊ နာရီ မရှိသလောက် ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ထို့ပြင် ယာဉ်သွားလာမှုပိတ်ဆို့ခြင်းမဖြစ်စေရန် ငြိမ်းစုစီပြုလုပ်သူမှ တာဝန်ယူဆောင်ရွက်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူသည် ပိုက်ဆံပေးငှားရသည့် အငှားယာဉ်ဖြစ်ပါက ကိုယ်လက်တားတိုင်း ရပ်သည်မဟုတ်သည့်အတွက် ယာဉ်သွားလာမှုကို ထိန်းပေးရန် ဆိုသည့် အချက်သည် အင်မတန်ခက်ခဲကြောင်း၊  ၎င်းသည် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်သာ ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း၊

နောက်တစ်ချက်သည် ငြိမ်းစုစီပြုလုပ်ရာတွင် ရုန်းရင်းဆန်ခတ်မှုအသွင် မဖြစ်စေရေး၊ မသက်ဆိုင် သူများ ဝင်ရောက်မှုမရှိစေရေး၊ တင်ပြထားသူမှ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၎င်း အချက်သည် ငြိမ်းစုစီ ဥပဒေ အခန်း (၆) ပုဒ်မ ၁၃ နှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း၊ ဘေးအန္တရာယ် မဖြစ်စေရန် ရဲတပ်ဖွဲ့က ကာကွယ်စောင့်ရှောက်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များအနက် မြို့နယ်တိုင်းပါဝင်နေသည့် အဓိကနှစ်ချက် ရှိကြောင်း၊ တစ်ချက်သည် ငြိမ်းစုစီပြုလုပ်ခွင့်ကို အခြား ပြည်နယ်/တိုင်းဒေသကြီးတွင် ဖြစ်ခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် ငြိမ်းစုစီ လုပ်ခွင့်မပြုဆိုသည့်အချက်ဖြစ်ပြီး နောက်တစ်ချက်သည် ဟောပြောမည့်သူများသည် သက်ဆိုင်ရာ မြို့နယ်/ခရိုင်အတွင်းရှိ မှတ်ပုံတင်ရှိသူသာ ဆောင်ရွက် ခွင့်ပြုမည်ဆိုသည့်အချက် ဖြစ်ကြောင်း၊ ၎င်းသတ်မှတ်ချက်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားသည့် နိုင်ငံသားများ၏ အခွင့်အရေးကို ပိတ်ပင်တားဆီးသလို ဖြစ်နေကြောင်း၊ မိမိသည် နိုင်ငံသားစိစစ်ရေးကတ်လဲချိန်တွင် ရှေ့တန်းစစ်ဆင်ရေးတွင် ဖြစ်သည့်အတွက် မိမိ၏ နိုင်ကဒ်သည် ရှမ်းပြည်နယ်၊ လဲချားတွင် လုပ်ရကြောင်း၊ ၁၃/လခန(နိုင်) ဖြစ်ကြောင်း၊ ညွှန်ကြားချက်အရဆိုပါက ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည့် မိမိသည်မိမိ၏မဲဆန္ဒနယ် ပျော်ဘွယ် တွင် ဟောပြောခွင့်မရသည့်သဘောမျိုး ဖြစ်နေကြောင်း၊

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှစွာ အခွင့်အရေးရရှိစေရမည်၊ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်ဟု ပါရှိပြီး ပုဒ်မ ၃၅၄ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ခ)တွင် နိုင်ငံသားနှင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတိုင်း ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ပါက မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက် မပါ ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့်များ ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ပုဒ်မ ၃၄၈ တွင် မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟု ပြဋ္ဌာန်းထားကြောင်း၊

ထိုကဲ့သို့ ဥပဒေများ ခိုင်မာစွာပြဋ္ဌာန်းထားသော်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အမျိုးမျိုးသော စည်းကမ်းချက်များထုတ်ပြန်ထားသည့်အတွက် ပြည်သူများသည် ငြိမ်းစုစီ လုပ်ဆောင်ခွင့်ကို ပေးကားပေး၏မရသည့် ဘဝဖြစ်နေကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီကျင့်စဉ် နှင့်အညီ ဖြစ်စေရေးအတွက် မိမိမေးမြန်းလိုသည့်မေးခွန်းသည် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၈ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ မန္တလေး တိုင်းဒေသကြီးအတွင်းတွင်ရှိသည့် မြို့နယ်များကို ထုတ်ပြန်ထားသည့် ဒေသန္တရ စည်းကမ်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့် သဘောထား ကွဲလွဲဆန့်ကျင်ပြီး ဆန္ဒထုတ်ဖော်သူများအား အနှောင့်အယှက်၊ အဟန့်အတား၊ စိတ်ငြိုငြင်မှုများ ဖြစ်စေသဖြင့် ပယ်ဖျက်ပေးပါရန်နှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။