(ခ)-သိမ်းဆည်းခံထားသည့်မြေယာများအပေါ် ပုံစံမမှန်ချထားပေးသော ဂရန်မြေများကို ပြန်လည်စိစစ်၍ မမှန်မကန်ထားပေးပါက ဂရန်များကို ပြန်လည်ရုပ်သိမ်းပြီး မူလတောင်သူများထံသို့ ပြန်လည် ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ကြီးတံခွန်မြို့နယ်သည် ၁၉၉၁-၁၉၉၂ ခန့်က ပြည်ကြီးတံခွန်မြို့နယ်၏ ၈၀ ရာခိုင်နှုန်းကို ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်ရှိ လယ်ယာမြေများကိုသိမ်းယူပြီး မြို့ကွက်သစ်အဖြစ် ထူထောင်ပြီးဖော်ဆောင်ခဲ့သည့် မြို့နယ်ဖြစ်ပါကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၏ ၂၀ ရာခိုင်နှုန်း ၏အချို့မြေများသည် ရွာမြေအဖြစ်လည်းကောင်း၊ လယ်မြေအဖြစ်လည်းကောင်း ယနေ့အချိန်ထိ ကျန်ရှိနေခဲ့ပြီး မူလတောင်သူများနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိကြပါကြောင်း၊ မိမိထံကို ပန်ကြားလာသည့်စာများကို စိစစ်သည့်အခါ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် မြေနေရာချထားပေးရေး အဖွဲ့အနေဖြင့် မြေနေရာများကို ချထားပေးသည့်အခါ ပုံစံမမှန်ချထားပေးသော မြေနေရာများစွာ ရှိကြောင်း၊ ဂရန်များစွာရှိကြောင်းကိုလည်း သိရှိရပါကြောင်း၊ အချို့မြေများသည် ၁၉၉၁-၁၉၉၂ ခန့်က သိမ်းဆည်းခံရသည့်အထဲတွင် ပါဝင်ခဲ့သော်လည်း ၎င်းမြေများအပေါ်တွင် ငါးနှစ်ပြည့်သည့် အခါတွင်လည်း အကောင်အထည်မပေါ်ပါကြောင်း၊ ၁၀ နှစ်ပြည့်သည့်အခါတွင်လည်း အကောင် အထည်မပေါ်ပါကြောင်း၊ နှစ် ၂၀ ပြည့်သော်လည်းပဲ အကောင်အထည်မပေါ်ပါဘဲ ၂၀၁၅-၁၆ ခုနှစ်ခန့်မှသာ မြေပိုင်ရှင်မဟုတ်သော ဂရန်ပိုင်ရှင်များပေါ်ပေါက်လာပြီး တောင်သူများသည် တရား စွဲဆိုခံနေကြရပါကြောင်း၊ တောင်သူများအနေဖြင့်လည်း မြေသိမ်းခံရခြင်း၊ တရားလည်းအစွဲခံရခြင်း နှင့် မဗဒါမြေလူးသလို တောင်သူများဘဝသည်လည်း အလူးအလဲဖြစ်ပါကြောင်း၊
၂၀၁၀ ခုနှစ် နောက်ပိုင်းတွင်ရရှိထားသောဂရန်မြေများကို ပြန်လည်စိစစ်ပြီး ပုံစံမှန်မှန်ရရှိထားသော ဂရန်မြေများကို ပယ်ဖျက်ပြီး မူလတောင်သူများကို ပြန်လည်ပေးအပ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခု မိမိထံကို တိုင်ကြားလာသော တိုင်ကြားစာအမြောက်အမြားထဲက တိုင်ကြားအကူအညီ တောင်းခံသော အမှုတွဲနှစ်ခုကို ထုတ်နုတ်တင်ပြလိုပါကြောင်း၊ ပထမတစ်ခုက ငွေတော် ကြည်ကုန်းရပ်ကွက် အကွက်အမှတ် ၁၇/၁၂ ရှိ မူလပိုင်ရှင် ဉီးလှအောင်မိသားစုတို့သည် သိမ်းဆည်းခံရရာတွင်မပါဝင်ဘဲ ဂရန်ပိုင်ရှင်မှ မြေပိုင်ရှင်အား တရားစွဲဆိုခံရသည့်အချိန်မှ မြေပိုင်ရှင်မှ အခြားသူများဂရန်ရရှိနေကြောင်းသိရသည့်မြေကွက်ဖြစ်ပြီး ၎င်းတို့မိသားစုသည် မြေဧက ၂.၅၂ ဧကတွင် လက်ရှိနေထိုင်လုပ်ကိုင်လျက်ရှိပြီး မြေနေရာတွင် ယနေ့အချိန်ထိ လုပ်ကိုင်စားသောက်လျက်ရှိကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊
ဒုတိယတစ်ခုက သင်ပန်းကုန်းရပ်ကွက်၊ အကွက်အမှတ်(ညည-၈၅) ဉီးညွန့်ဆွေ မိသားစုမှလည်း ယနေ့အချိန်ထိ ပိုင်ဆိုင်နေထိုင်လုပ်ကိုင်လျက်ရှိပါကြောင်း၊ မြေ/စစ်ကော်မတီကလည်း ၎င်းတို့ ပိုင်ဆိုင်ခဲ့သော မြေများနှင့်ပတ်သက်ပြီး အမှန်တကယ်သိမ်းဆည်းခံရသော မြေကွက်ဖြစ်ကြောင်း မြေယာလျော်ကြေးမရရှိကြောင်း၊ သီးနှံလျော်ကြေးလည်းမရရှိကြောင်း၊ အစားထိုးမြေကွက်များ လည်းမရရှိကြောင်း၊ မေးမြန်းစိစစ်ခဲ့သူများလည်းရှိကြောင်း သိရှိရပါကြောင်း၊ သို့သော်အခြားသူများက ဂရန်မြေများကို လျှောက်ထားပြီး ဂရန်များကိုရယူထားကြောင်းကိုလည်း သိရပါကြောင်း၊ ဂရန်ရယူထားသူများအနေဖြင့် ယနေ့အချိန်ထိ ပိုင်ဆိုင်နေထိုင်ခြင်းမရှိသော်လည်းပဲ ဂရန်အမည် ပေါက်များကိုအဆင့်ဆင့် လွှဲပြောင်းရောင်းချထားကြောင်းကိုလည်း သိရှိရပါကြောင်း၊
ယခုအခါ ဉီးညွန့်ဆွေပိုင်ဆိုင်သည့်မြေကွက်အပေါ်တွင် ဂရန်ရရှိသူတစ်ဉီးက အကွက်ပေါင်းများစွာ ခွဲကာအခြားသူများကို ဂရန်ခွဲများစွာဖြင့် ရောင်းချထားကြောင်းကိုလည်း သိရှိရပါကြောင်း၊ ၎င်းဂရန် ကို လျှောက်ထားရယူစဉ်တုန်းကလည်း မြေပေးစာရွက်တွင် စက်မှုဖွံ့ဖြိုးရေးမြေကွက်ဟုဆိုထား သော်လည်း ယခုအခါ မြေရောင်းဝယ်လုပ်ရန် မြေဖြစ်နေပါကြောင်း၊ မြို့ကွက်သစ်ဖော်ထုတ် ရေးအဖွဲ့ကချထားပေးသည့် မြေစာရွက်တွင်လည်း မြေပြုပြင်စတင်အကောင်အထည်ဖော်ပြီး အဆောက်အဉီများ ၅၀ ရာခိုင်နှုန်းပြီးစီးမှ ဂရန်လျှောက်ထားရန်ဟု ဆိုထားပါသော်လည်း ဂရန်အမည်ပေါက်အဆင့်ဆင့်သာ ပြောင်းလဲသွားပြီး ဆောက်လုပ်ပြီးစီးခြင်းမရှိပါကြောင်း၊ ဂရန် ခွဲအမည်ပေါက် အဆင့်ဆင့်ပြောင်းလဲပြီးသွားချိန်မှသာလျှင် အဆောက်အဉီများ ဆောက်လုပ်ရန် ကြိုးစားနေခြင်းများကိုလည်းတွေ့ရပါကြောင်း၊ မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့အနေဖြင့်လည်း မြို့ကွက်သစ်ဖော်ထုတ်ပြီး စည်ပင်သာယာရေးကော်မတီကို စနစ်တကျလွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်းသိရသည့်အတွက် မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့သည် မည်သည့်အချိန်တွင် စတင်ဖွဲ့စည်းပြီး မည်သည့်အချိန်တွင် ရုပ်သိမ်းသွားသနည်း၊ ယနေ့အချိန်ထိ ရှိသလား၊ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ရှိ/မရှိကိုလည်းပဲ စိစစ်ရန်ဖြစ်ပါကြောင်း၊ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ရှိနေသေးပါက မြေကွက်သစ်ဖော်ထုတ်ရေးအဖွဲ့မှ ထုတ်ပေးသောမြေချစနစ်များကို မှန်ကန်မှုရှိ/မရှိ စစ်ဆေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
မြေချစနစ်များကိုလည်း မှန်ကန်စွာထုတ်ပေးပါက မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့အနေဖြင့် ထုတ်ပေးထားသည့် မြေချစနစ်စည်းကမ်းအတိုင်း ဂရန်မြေလျှောက်ထားရယူခဲ့ခြင်း ရှိ/မရှိကိုလည်း စိစစ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဂရန်များကို မည်သို့ရရှိထားကြောင်းနှင့် ပုံစံမမှန် ချထားပေးသော မြေဂရန်များကို ပြန်လည်စိစစ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ မမှန်မကန် ချထား ပေးပါက မြေဂရန်များကို ပြန်လည်ရုပ်သိမ်းပြီး မူလတောင်သူများကို ပြန်လည်ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။