(ဃ)-ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသည် ဟောင်းနွမ်းပြီး အန္တရာယ်ရှိ ရုံးအဆောက်အဦအဖြစ် တည်ရှိနေသောကြောင့် အဆောက်အဦသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

 

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်သည် လူဦးရေအားဖြင့် ၃၇၀၀၀၀ ‌ကျော်ရှိပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် ဒုတိယလူဦးရေ အများဆုံးမြို့နယ် ဖြစ်ကြောင်း၊ ထိုကြောင့် ကျောင်းနေသူ လူဦးရေသည် များပြားကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အ.ထ.က ကျောင်းရှစ်ကျောင်း၊ အ.လ..က ကျောင်း ၁၀ ကျောင်း၊ အ.မ.က ကျောင်း ၁၂ ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း တစ်ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း ခုနစ်ကျောင်း၊ မူလွန်ကျောင်း လေးကျောင်း စုစုပေါင်း စာသင်ကျောင်း ၄၂ ကျောင်း ရှိပြီး ဆရာဆရာမ ၁၃၅၇ ဦး၊ ကျောင်းသား/ကျောင်းသူ ၅၃၃၆၂ ဦးရှိသည့် မြို့နယ် ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ် ပညာရေးမှူးများသည် မြို့နယ်ပညာရေးရုံးတွင် ရုံးစိုက်၍ တစ်မြို့နယ်လုံးတွင် ရှိသည့် ကျောင်းများ၊ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ အပါအဝင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ပညာရေးမူဝါဒ၊ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စီမံခန့်ခွဲရသည့် ရုံးဖြစ်ကြောင်း၊

ထို့ကြောင့် အစည်းအဝေးခန်းမ၊ သုတေသနခန်းမ၊ ကွန်ပျူတာခန်းမ အပါအဝင် ခေတ်နှင့် လျော်ညီသော၊ သင့်တော်သည့် ရုံးခန်းများ ပါဝင်သော၊ လုံလောက်သော အကျယ်အဝန်းရှိသည့် ရုံးအဖြစ် တည်ဆောက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ လက်ရှိအဆောက်အဦသည် လွန်စွာ ဟောင်းနွမ်းလျက်ရှိပြီး ဆက်လက်အသုံးပြုရန် မသင့်လျော်သည့် အန္တရာယ်ရှိ ရုံးအဆောက်အဦ ဖြစ်နေကြောင်း၊ သို့ဖြစ်ပါ၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးအား အသစ်ပြန်လည် တည်ဆောက်ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။